ဟုမ္မလင်းမြို့၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (Training Of Trainer-TOT) ဖွင့်လှစ်

ဟုမ္မလင်း ဇူလိုင် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ ယမန်နေ့နံနက် (၉) နာရီအချိန်က ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက်ကြိုးပမ်းဆောင်ရွက်မည့်အစီအစဉ်အရ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (Training Of Trainer-TOT) ကို ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ဥပဒေအရာရှိ ဦးထက်​မြတ်အောင်က (TOT) သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားရာ နိုင်ငံသားတိုင်း ဥပဒေစိုးမိုးမှုရရှိစေရေး၊ ဥပဒေအသိပညာရရှိစေရေး၊ ဥပဒေအကာအကွယ်ကို အညီအမျှ ရရှိစေရေးတို့အတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းအား ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှကြီးမှူး၍ ဟုမ္မလင်းမြို့နယ်ဥပဒေရုံးက ဦးစီးဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းတွင်(၁) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ (၂) ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ၊ (၃) သစ်တောဥပဒေ၊ (၄) လယ်ယာမြေဥပဒေ၊ (၅) မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့်နည်းဥပဒေ၊ (၆) လောင်းကစားဥပဒေ၊ (၇) ရာဇဝတ်ကျင့်ထုံး ဥပဒေ၊ (၈) ရာဇသတ်ကြီးဥပဒေ၊ (၉) ရပ်ကွက် (သို့) ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေစသည့် ဥပဒေဘာသာရပ် (၉) ခုအား သင်တန်းအချိန် စုစုပေါင်း (၂၀)ချိန် သင်တန်းကာလ (၃)ရက်ဖြင့် သင်ကြားပို့ချသွားမည်သည်။

အဆိုပါသင်တန်းတွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သင်တန်းသား (၆၈) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းအား ယနေ့နံနက် (၉) နာရီအချိန်တွင် စတင်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)