ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်သဘာဝရေပြင်အတွင်း  ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ

ဟင်္သာတ   ဇူလိုင်    ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ငါးလုပ်ငန်းဉီးစီးဌာနမှ မြစ်ချောင်းအင်းအိုင်များတွင်၊ ငါးသယံဇာတ၊ ရေသယံဇာတတိုးပွားစေရေးနှင့် ကျေးလက်နေပြည်သူများ၊ ငါးရိက္ခာပိုမိုဖူလုံလာစေပြီး၊ စားသုံးမှုမြင့်မားလာစေရေး၊ သားစဉ်မြေးဆက် ငါးစားသုံးနိုင်ရေးအတွက် ရည်ရွယ်၍ ၊ ဇူလိုင်လ ၇ရက်နေ့ နံနက် ၇ အချိန်က ဟင်္သာတမြို့နယ်၊ ပခန်းရပ်ကွက်၊ ကမ်းနားကြီးသင်္ဘောဆိပ်၌ဧရာဝတီမြစ် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ ၊ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဒေါ်မော်မော်ဝင်းနှင့် လေးမျက်နှာ၊ ဇလွန်၊ ဟင်္သာတရုံးတို့မှ တာဝန်ခံများနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင် နှင့် အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊လူမှုရေး အသင်း အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားတွင် သဘာဝရေပြင် အတွင်းသို့ (၂)လက်မအောက်ခံ ငါးမြစ်ချင်းသားပေါက်ကောင်ရေ သုံးသိန်း၊ ငါးခုံးမကြီးကောင်ရေ နှစ်သောင်း၊ ရွှေ၀ါငါးကြင်း ကောင်ရေ နှစ်သောင်း စုစုပေါင်းငါးသားပေါက်ကောင်ရေ သုံးသိန်းလေးသောင်း တို့အား ငါးမျိုးစိုက်ထည့် ခဲ့ခြင်းဖြစ်ပြီး ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်အတွင်း ငါးသယံ ဇာတမျိုးများ ပျောက်ကွယ်မှု မရှိစေရန်နှင့် ငါးသယံဇာတ တိုးပွားစေရန်ရည်ရွယ်၍ ယခုလို စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)