ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

 ဟားခါး ဇူလိုင် ၇

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၆ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ စစ်ဗျူဟာ (ဟားခါးအခြေချ) စစ်ဗျူဟာမှူး၊ ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဌာနများမှ ကော်မတီဝင် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိ သူများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လူအင်အား၊ အချိန်နှင့်ငွေကြေးအမြောက် အများကုန်ကျနေကြောင်း၊ အလားတူပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ် ငန်းများဆောင်ရွက်ရာတွင် ပျက်စီးသွားသည့် အဆောက်အဦနှင့် စက်ပစ္စည်း စသည့် ရုပ်ပိုင်းဆိုင်ရာ များသာမကဘဲ ပြည်သူများ၏ စိတ်ဒဏ်ရာများကိုလည်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုကဲ့သို့ ပျက်စီးသွားသည့်နေရာများသို့ မြေပြင် ကွင်းဆင်းသွားရောက်ပြီး နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ပေးခြင်းများသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများအတွက် လွန်စွာတန်ဖိုးရှိပါကြောင်း၊ ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှလည်း ထောက်ပံ့လှူဒါန်းမှုများလည်းရှိပါကြောင်း၊ ယခုကဲ့သို့ ဝိုင်းဝန်းကူညီထောက်ပံ့ခြင်းဟာ ပြည်ထောင်စုစိတ်ဓာတ်ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပျက်စီးမှုအခြေအနေ ကနဦးစာရင်း / စစ်တမ်းကောက်ယူခြင်း၊ ကုန်ကျစရိတ်ချက်ခြင်း၊ ကုန်ကျငွေများကို မည်သည့်ရန်ပုံငွေများဖြင့် သုံးစွဲရမည်ကိုစိစစ်ခြင်းစသည်ဖြင့် လုပ်ထုံးလုပ်နည်းနှင့် လမ်းညွှန်ချက်များ ရှိပြီးသားဖြစ်ကြောင်း၊ သို့ဖြစ်၍ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပါက အချိန်တိုကာလအတွင်းမှာ အောင်မြင်မှုရရှိနိုင်မည် ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့များတွင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများ ပြန်လည်ဝင်ရောက်မှု၊ စာသင်ကျောင်း၊ ရုံးနှင့် စည်ပင်သာယာစျေးများ ပြန်လည်ဖွင့်လှစ်မှု၊ သောက်သုံးရေနှင့် လျှပ်စစ်မီးဖြန့်ဝေထားရှိမှုနှင့် နိုင်ငံ့ဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံပွဲများ ဆောင်ရွက်ထား ရှိမှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက်ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီဝင် အတွင်းရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝေဇင်ထွန်းက ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဖွဲ့စည်းမှု၊ ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ကော်မတီဝင်ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးတို့က ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများပတ်သက် အကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)