မော်လမြိုင်ကျွန်းမြို့နယ်၌ ကျောင်းပေါင်းစုံ U-14 ကျောင်းသားဘောလုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အားကစားကွင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းပေါင်းစုံ U-14 ကျောင်းသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီကကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်လှိုင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ကျောင်းသားလူငယ်များအနေဖြင့် အားကစားကို စိတ်ပါဝင်စားစွာလေ့ကျင့်ယှဉ်ပြိုင်ကြရန်၊ ကျန်းမာကြံ့ခိုင်သော လူငယ်များအဖြစ် ကြိုးပမ်းကြရန်နှင့် အသင်းအဖွဲ့ စိတ်ဓာတ်၊ စည်းကမ်းလိုက်နာမှုတို့ကို မြှင့်တင်သွားကြရန် ပြိုင်ပွဲဝင်များအား တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ ကျောင်းပေါင်းစုံ U-14 ကျောင်းသားဘောလုံးပြိုင်ပွဲတွင် ဇုန် (၉) ဇုန်မှ အသင်း (၉) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဇုန် (၆) အသင်းက ပထမဆု၊ ဇုန် (၂) အသင်းက ဒုတိယဆုနှင့် ဇုန် (၈) အသင်းက တတိယဆုတို့ကို အသီးသီးဆွတ်ခူးရရှိခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်လှိုင်၊ မြို့နယ်ပညာရေးမှူး ဦးမင်းမင်းထွန်းနှင့် ဒုတိယမြို့နယ်ပညာရေးမှူးတို့က ဆုရအသင်းများအား ဆုဖလားများ၊ ဂုဏ်ပြုလက်မှတ်များနှင့် ဆုများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့အပြင် ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ယာယီနည်းပြဆရာများအား ဂုဏ်ပြုဆုများကိုလည်းချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် တာဝန်ရှိသူများ၊ ဆုရအသင်းများ၊ ယာယီနည်းပြဆရာများနှင့် ပြိုင်ပွဲဝင်ကျောင်းသားများက စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)