ဆိပ်ဖြူမြို့နယ်၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား သင်ကြားပို့ချခြင်းဆောင်ရွက်

ဆိပ်ဖြူ ဇူလိုင် ၇

မကွေးတိုင်းဒေကြီး ဆိပ်ဖြူမြို့နယ်တွင် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား သင်ကြားပို့ချရှင်းလင်းခြင်းအား ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။

အဆိုပါသင်တန်းကို မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ စီမံကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာ ပြည်သူများကို  ဥပဒေပညာပြန့်ပွားစေခြင်းဖြင့် လူတိုင်းဥပဒေပညာရရှိရမည်ဆိုသည့် အညွှန်းကိန်းဖော်ဆောင်နိုင်စေရန်ရည်ရွယ်ချက်များဖြင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ကို ဖွင့်လှစ်ပေးကြောင်းသိရသည်။ အဆိုပါသင်တန်းတွင် မြို့နယ်ဥပဒေအရာရှိ ဒေါ်ထူးမြတ်သူဇာက သင်တန်းသား/သင်တန်းသူများအား သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ကိုရှင်းလင်းပြောကြားပေးပြီး သင်တန်းကာလတွင် ပို့ချသင်ကြားမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားပေးသည်။ ၎င်းသင်တန်း၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့် အခြားသိသင့် သိထိုက်သော ဥပဒေ၊ နည်းဥပဒေများကို သင်တန်းကာလ (၂)ရက်ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ဥပဒေအရာရှိထံမှ ပြောကြားသိရှိရသည်။              

ကိုဇွဲ (အညာမြေ)