ပွင့်ဖြူမြို့မဈေး၌ ဈေးရောင်းဈေးဝယ်များကို ပလပတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး

ပွင့်ဖြူ ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် ဈေးရောင်းဈေးဝယ်များအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအသိပညာပေးခြင်းကို ယမန်နေ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ဈေးကော်မတီဝင်များနှင့်အတူ ပွင့်ဖြူမြို့မဈေးရှိ ဈေးသူဈေးသားများကိုတွေ့ဆုံကာ ဈေးရောင်းဈေးဝယ်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်စေသော ပလတ်စတစ်အိတ်များနှင့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုကြရန်၊ ဈေးဝယ်ရန် လာရောက်သည့်အခါတွင် ပြည်သူများအနေဖြင့် မိမိတို့နေအိမ်မှ ထည့်စရာတစ်ခုခုကို တစ်ပါတည်းယူဆောင်လာကြရန်၊ ဈေးရောင်းပြီးချိန်တိုင်း သန့်ရှင်းရေးစနစ်တကျဆောင်ရွက်ကြရန် အသိပညာပေး ဆွေးနွေးပြောကြားသည်။ ထို့‌နောက် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းအဖွဲ့က မြို့မဈေးအတွင်း၊ အပြင်ရှိ ဈေးရောင်းဈေးဝယ်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အင်ဖက်၊ ငှက်ပျောဖက်၊ ကြာဖက်၊ စက္ကူတို့ကို လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)