ပုသိမ် ဇူလိုင် ၇
ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ ဧရာဝတီတိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ကြီးကြပ်မှုဖြင့် ပုသိမ်မြို့နယ်ဥပဒေရုံးမှဖွင့်လှစ်သော ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးခန်းမတွင် ပြုလုပ်ရာအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးဥပဒေချုပ် ဆရာဦးခင်မောင်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးထက်ပိုင်လင်းက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ၊ လောင်းကစားဥပဒေ၊ နည်းဥပဒေများ၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ ရာဇသတ်ကြီး၊ ရာဇဝတ်ကျင့်ထုံးဥပဒေတို့ကို သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
နိုင်ငံသားတိုင်း တရားဥပဒေစိုးမိုးမှုရရှိစေရေး၊ နိုင်ငံသားတိုင်း ဥပဒေအသိပညာရရှိစေရေး၊ ဥပဒေအကာအကွယ်ကို အညီအမျှရရှိစေရေးတို့အတွက်ရည်ရွယ်၍ အဆိုပါသင်တန်းကို ဇူလိုင်လ (၆)ရက်နေ့မှ ဇူလိုင်လ(၈)ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသင်တန်းသားစုစုပေါင်း(၇၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)