ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မိုးစပါးစိုက်ပျိုးရန် စိုက်ပျိုးစရိတ်ချေးငွေနှင့် သွင်းအားစုများ တောင်သူများထံ‌ပေးအပ်

ပုသိမ် ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုစခန်း၌ ဒေသတွင်းလယ်ယာကဏ္ဍဖွံ့ဖြိုးမှု အထောက် အကူပြု ထုတ်ကုန်ပြပွဲ၊ နည်းပညာပြပွဲနှင့် Rice Export Zone စီမံချက် မိုးစပါးစိုက်ပျိုးရန် စိုက်ပျိုးစရိတ်ချေးငွေနှင့် သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၅ ရက်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ စိုက်ပျိုးစရိတ်ချေးငွေနှင့် သွင်းအားစုများ ပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဒေသတွင်းလယ်ယာကဏ္ဍဖွံ့ဖြိုးမှု အထောက်အကူပြု ထုတ်ကုန်ပြပွဲ၊ နည်းပညာပြပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ကျောင်းကုန်းမြို့နယ်၊ ညောင်တုန်းမြို့နယ်နှင့် ပန်းတနော်မြို့နယ်တို့မှ တောင်သူများထံသို့ စိုက်ပျိုးစရိတ်ချေးငွေများနှင့် သွင်းအားစုများပေးအပ်ခဲ့ပြီး ပြခန်းတွင် ခင်းကျင်းပြသထားသည့် ပဲအမျိုးမျိုး၊ နေကြာဆီ၊ နှမ်းဆီ၊ မြေပဲဆီ၊ ဆန်၊ သွင်းအားစုများ၊ ဆန်စက်ပစ္စည်းများ၊ လယ်ယာသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေး ခဲ့သည်။

ထိုမှတဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်း ကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာ၊ တောင်သူ ဦးရဲရင့်အောင်၏ စိုက်ဧက(၅)ဧကတွင် ပြုလုပ်သည့် ၂၀၂၆-၂၀၂၇ခုနှစ်၊ (RS to CS) မျိုးစေ့ထုတ် စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး  စပါးစိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုန်းသီတာမျိုးစေ့ထုတ်လုပ်ရေး ကုမ္ပဏီသို့သွားရောက်၍ စပါးမျိုးထုတ်လုပ်နေမှုအခြေအနေများကို ကြည့်ရှုအားပေးရာ တာဝန်ရှိသူတစ်ဦးက အနက်ရောင်ပေါ်ဆန်းမွှေး၊ ဆာဖိုးသာ-၁နှင့် မုန်းသီတာ (၁)(၂)(၃)(၄) စပါးမျိုးစေ့ထုတ်လုပ်မှုအခြေအနေများ၊ စပါးမျိုးအလိုက် အအေးခန်းစနစ်ဖြင့် ထားရှိအခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြာင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)