မြန်အောင် ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၁၃) စက်မှုလယ်ယာစခန်းမှ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ထန်းသုံးပင်ကျေးရွာအုပ်စု ကွမ်းခြံကုန်းကျေးရွာ စနစ်ကျဧက (၁၀၀) ကွင်းရှိ ကွင်းအမှတ် (၂၄၉) တောင်သူ ဦးစိုး၏ လယ်မြေ (၃) ဧကတွင် ကျင်းပပြုလုပ်သည်။
KUBOTA (၆) တန်းသွားကောက်စိုက်စက်ဖြင့် မြန်အောင်မြို့နယ်တွင် ဧက (၆၀) စိုက်ပျိုးသွားမည်ဖြစ်ပြီး ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းကြောင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာလိုအပ်ခြင်း၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များရရှိခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်းကောင်းစေခြင်းနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသောစပါးခင်းအား စပါးရိတ်စက်၊ ရိတ်သိမ်းခြွေ လှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိကြောင်းနှင့် စပါးပျိုးထောင်စက်နှင့် ကောက်စိုက်စက်၏ စက်မှုပိုင်းဆိုင်ရာများကို မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးဖြိုးဝေထွန်းက လက်တွေ့ပြုလုပ်ရှင်းလင်းပြောကြား၍ ကောက်စိုက်စက်ဖြင့် လက်တွေ့မောင်းနှင်စိုက်ပျိုးသရုပ်ပြခဲ့ကြသည်။
ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝေလင်းနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းသန်း၊ ဦးအောင်မျိုးဦး၊ မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစနေထွန်း၊ မြန်အောင်ခရိုင်/မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
ဝင်းဗိုလ်(ပြန်/ဆက်)