ဝေါ ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (တနော်ကျွန်း) ၌ ကျင်းပခဲ့သည်။
ဦးစွာ အခြေခံပညာအထက်တန်းကျောင်း (တနော်ကျွန်း)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ယုလင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးမိုးအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာယဥ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန်ဆွေးနွေးတတ်စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်နှင့် စာအုပ်စာပေများကို ပိုမိုဖတ်ရှုလေ့လာနိုင်ကြစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက ပေါင်းဆက်ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ပေးပြီး အ.ထ.က(တနော်ကျွန်း) ကျောင်းမှ Grade (9) ကျောင်းသူ မယွန်းဝတီထွန်းက အမှိုက်ကင်းစင်တို့ဝန်းကျင် ခေါင်းစဥ်ဖြစ်လည်းကောင်း၊ Grade (10) ကျောင်းသူ မသဥ္ဇာဝေထွန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး ခေါင်းစဥ်ဖြစ်လည်းကောင်း၊ Grade (11) ကျောင်းသူ မရတီဖြိုးကျော်က ပညာရွှေအိုးလူမခိုး ခေါင်းစဥ်ဖြစ်လည်းကောင်း၊ အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ခင်းကျင်းပြသထားသည့် ဗဟုသုတစာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေးနံ ရံကပ်စာစောင်များကို တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
အာကာ (ပြန်/ဆက်)