ပုသိမ် ဇူလိုင် ၇
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ရက် (၁၀၀) စီမံကိန်းအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “စီမံကိန်းကျေးရွာများမှ လုပ်ငန်းထူထောင်မည့်သူများအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်” ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ငပုတောမြို့နယ်၊ ရေကျော်အောက်စံပြကျေးရွာမှ စက်ချုပ်လုပ်ငန်းလုပ်ကိုင်မည့်သူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကိုလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက လေးမျက်နှာမြို့နယ်၊ ပိန်းအင်းကျေးရွာအုပ်စု၊ ကြံတောစု ကျေးရွာမှ မော်တော်ဆိုင်ကယ်ပြင်လုပ်ငန်းလုပ်ကိုင်မည့်သူများအား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံး ပစ္စည်းများကိုလည်းကောင်းပေးအပ်ခဲ့ပြီး ခင်းကျင်းပြသထားသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ပုသိမ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော အသက်(၂၁)နှစ်အောက် ရပ်ကွက်/ကျေးရွာနှင့် တိုက်နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ အမှတ် ၃၊ အမှတ် ၅ ရပ်ကွက်ကိုယ်စားပြု Royal 35 FC အသင်းနှင့် သလပ်ခွာတိုက်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)