ကန်ကြီးထောင့်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပ

ကန်ကြီးထောင့်   ဇူလိုင်  ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းက ဒါးကကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင်ကျင်းပခဲ့သည်။

ဦးစွာအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးသက်နိုင်ဦးကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့် ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများကကျေးရွာနေဒေသခံ ပြည်သူများအား မိမိကိုယ်ကိုယ်မိတ်ဆက်ခဲ့ကြပြီး မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အကြောင်းအရာများအားချပြရှင်းလင်းခဲ့ကြသည်။

ထို့နောက် အဆိုပါ ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာကြသော ဒါးကကျေးရွာအုပ်စု၊ သဘောငူ ကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာအုပ်စု၊ ဆိပ်သာကျေးရွာအုပ်စုရှိတောင်သူများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ဖြေကြားရှင်းလင်း ပေးခဲ့ကြကြောင်းသိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)