ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပဲခူး ဇူလိုင်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့သည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ တိုင်းဒေသကြီးအားကစားဥယျာဉ်၌ ၂၀၂၆ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကအိမ်တိုင်းမှာသစ်ပင်၊ ရွာစဉ်မှ တောတန်း၊ တစ်တောဝင် တစ်တောင်ဆက်၊ မြို့တက်မဲ့လမ်းဆိုသည့်အတိုင်း ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့် ရပ်ကွက်၊ ကျေးရွာ၊ မြို့ပြပတ်ဝန်းကျင်နေရာအသီးသီးမှ စိမ်းလန်းစိုပြေပြီး အရိပ်အာဝါသရရှိစေဖို့ ကိုယ်တိုင်အသိစိတ်ဓာတ်ပြည့်ဝစွာဖြင့် သစ်ပင်သစ်တောများ တည်ဆောက်စိုက်ပျိုးသွားကြရန်နှင့် စိုက်ပျိုးပြီးသည့် သစ်ပင်သစ်တောများကိုလည်း တစ်ပင်စိုက်လျှင်တစ်ပင်ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်းသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သတ်မှတ်နေရာအသီးသီးတွင် အထိမ်းအမှတ်သစ်ပင်များ စိုက်ပျိုးပေးခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၆ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များက ပိတောက်၊ ကံ့ကော်၊ ခရေ၊ ပျဉ်းမနှင့် မဟော်ဂနီ စသည်တို့ စုပေါင်းစိုက်ပျိုးနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)