ကန့်ဘလူ ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် အမှတ်( ၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်က ကျင်းပပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ဇင်က လူကုန်ကူးမှုဆိုသည် မိမိအကျိုးစီးပွားတစ်ခုတည်းအတွက် လူသားများ၏ ကိုယ်ကာယ၊ လုပ်အားများကို လူသားအချင်းချင်း ခေါင်းပုံဖြတ်အမြတ်ထုတ် အကျိုးအမြတ်ရယူခြင်းဖြစ်ကြောင်းစသည့် လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်လင်းက မီးလောင်မှု၊မီးလန့်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့်မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်ရမည့်နည်းလမ်းများကိုလည်း အသိပညာပေးဟောပြောကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေးနံရံ ကပ်စာစောင်များကို ကျောင်းသားကျောင်းသူများက ကြည့်ရှုခဲ့ကြောင်းနှင့်အဆိုပါ အခမ်းအနားသို့ တာဝန်ခံကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ ဆရာမများ၊ကျောင်းသား ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)