ကျုံပျော် ဇူလိုင် ၇
အရည်အချင်းပြည့်မီသော ထူးချွန် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်း ပသည့် ကျုံပျော်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အသက် ၂၂ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဇူလိုင် ၆ ရက် ညနေ ၃ နာရီက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမြို့နယ် ပြည်သူ့အား ကစားကွင်းအတွင်း၌ ကျင်းပ ပြုလုပ်သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲသို့ ဘောလုံးအသင်း ၉ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဗိုလ်လုပွဲတွင် အင်းရဲ(၁) အသင်းနှင့် အထောင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဒုတိယပိုင်း ပွဲပြီးချိန်အထိ တစ်ဖက်တစ်ဂိုးစီ သရေရရှိခဲ့သဖြင့်၊ ပင်နယ်တီဖြင့် အဆုံးအဖြတ်ကစားခဲ့ကြရာ အင်းရဲ(၁) အသင်းက ၅ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဆုရရှိသည့် ဘောလုံးအသင်းများနှင့် အားကစားသမားများအား ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများက ဆုများထိုက်တန်စွာ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)