မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝိပ္ပံဘာသာတွဲတွင် အမှတ်အများဆုံး တတိယရရှိသူအဖြစ် မြို့နယ်ဂုဏ်ဆောင် ကျောင်းသားတစ်ဦး ထွက်ပေါ်

မင်းဘူး ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဝိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံတော်အဆင့် အမှတ်အများဆုံး တတိယနှင့် တိုင်းဒေသကြီးအဆင့် ပထမရရှိသူအဖြစ် မင်းဘူးမြို့ ပညာအလင်းရောင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ မြို့နယ်၏ဂုဏ်ကိုဆောင်နိုင်ခဲ့သည့် ကျောင်းသားတစ်ဦး ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းမှလည်း ဘာသာစုံဂုဏ်ထူးဖြင့် မြို့ဂုဏ်ဆောင်ကျောင်းသားတစ်ဦး ထွက်ပေါ်ခဲ့ပြီး တိုင်းဒေသကြီးအဆင့် ဝိပ္ပံဘာသာတွဲတွင် အမှတ်အများဆုံး တတိယရရှိသူအဖြစ် အခြေခံပညာဦးစီးဌာန မယ်ဘေ့ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦးမှလည်း ထူးချွန်ပြောင်မြောက်စွာရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၂၈ ရက်က မြန်မာတစ်နိုင်ငံလုံး ထုတ်ပြန်ကြေညာခဲ့ရာ နိုင်ငံတော်အဆင့်အမှတ်အများဆုံး(ဝိပ္ပံတွဲ)တွင် တတိယနှင့် တိုင်းဒေသကြီးအဆင့် ပထမတို့ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မင်းဘူးမြို့ ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ရမှတ်ပေါင်း ၅၂၆ မှတ်ရရှိသူ မောင်မင်းသန့် (ဖမဘ-၇၃၃)သည် အနာဂါတ်တွင် လူမှုအဖွဲ့အစည်းများကို အကျိုးပြုသူတစ်ယောက်ဖြစ်ချင်ပြီး ရန်ကုန်နိုင်ငံခြား ဘာသာသင်တက္ကသိုလ် English for Professional Communication (EPC) မေဂျာကို လေ့လာသင်ယူသွားမည်ဖြစ်ကြောင်း၊ ထို့အတူ စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဘာသာစုံဂုဏ်ထူးဖြင့် မြို့နယ်ဂုဏ်ဆောင် အောင်မြင်ခဲ့သူ မောင်သုတခိုင်ဌေး(ဖမဘ-၁၀၅၅)သည်လည်း အနာဂါတ်တွင် နည်းပညာပိုင်းကို စိတ်ဝင်စားသည့်အတွက် ရန်ကုန်နည်းပညာတက္ကသိုလ် Electronic and Digital Engineering (COE) မေဂျာကို လေ့လာသင်ယူသွားမည်ဖြစ်ကြောင်း၊ အလားတူ မကွေးတိုင်းဒေသကြီးအဆင့် ဝိပ္ပံဘာသာတွဲတွင် အမှတ်အများဆုံးတတိယရရှိသူအဖြစ် အခြေခံပညာဦးစီးဌာန မယ်ဘေ့ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ရမှတ်ပေါင်း ၅၀၅ မှတ် ရရှိသူ ကျောင်းသားလေး မောင်သူထူးဇင်(ဖမဘ-၅၉၅)သည်လည်း ဆောက်လုပ်ရေးကိုဝါသနာပါပြီး အနာဂါတ်တွင် အင်ဂျင်နီယာကောင်းတစ်ယောက်ဖြစ်ချင်ကာ ရတနာပုံဆိုက်ဘာစီးတီးတက္ကသိုလ်ကို တက်ရောက်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ ပြောကြားချက်များအရ သိရသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၄)ခု၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းတွင်းကျောင်းပြင် ဝင်ရောက်ဖြေဆိုရန် စာရင်းရှိ ကျောင်းသား ၅၁၅ ဦး၊ ကျောင်းသူ ၇၂၂ ဦး၊ စုစုပေါင်း ၁၂၃၇ ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ၄၉၁ ဦး၊ ကျောင်းသူ ၇၀၄ ဦး၊ စုစုပေါင်း ၁၁၉၅ ဦးရှိကြောင်း၊ ဖြေဆိုအောင်မြင်သူမှုအနေဖြင့် ကျောင်းသား ၂၆၀ ဦး၊ ကျောင်းသူ ၄၂၄ ဦး စုစုပေါင်း ၆၈၄ ဦးရှိခဲ့သည့်တွက် အောင်မြင်မှု ရာခိုင်နှုန်းအားဖြင့် ၅၇ ဒသမ ၂၄ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အဆိုပါ အောင်မြင်သူများအနက် (၆)ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် ၁၃ ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၃၇ ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၃၉ ဦးနှင့် (၁)ဘာသာ ဂုဏ်ထူးရှင် ၈၆ ဦးတို့က ထူးချွန်စွာအောင်မြင်ခဲ့ပြီး နိုင်ငံတော်အဆင့် တတိယ၊ တိုင်းဒေသသကြီး အဆင့် ပထမနှင့် တိုင်းဒေသကြီးအဆင့် တတိယဆုတို့တွင် စားရင်းဝင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်စုစုအောင်က ပြောသည်။

ထို့အတူ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စကုမြို့ရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းမှဖြေဆိုသူ ကျောင်းသာ ၅၈ ဦး၊ ကျောင်းသူ ၃၃ ဦး စုစုပေါင်း ၉၁ ဦးရှိသည့်အနက် ကျောင်းသား ၂၀ ဦး၊ ကျောင်းသူ ၂၃ ဦး စုစုပေါင်း ၄၃ ဦးအောင်မြင်ကာ အောင်မြင်မှုရာခိုင်နှုန်း ၄၇ ဒသမ ၂၅ ရာခိုင်နှုန်းရှိကြောင်း၊ အဆိုပါအောင်မြင်သူများအား Garde အဆင့် A, B, C ဟူ၍ သုံးဆင့်သတ်မှတ်ပြီး Garde-A အဆင့်၌ ၁၂ ဦး၊ Garde-B အဆင့်၌ ၃၁ ဦး အောင်မြင်ခဲ့ကြောင်းအဆိုပါ အထက်တန်းကျောင်းမှ Garde-A အဆင့်ဖြင့် အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအားလုံးက သက်ဆိုင်ရာဘာသာရပ်များနှင့်ဆိုင်သည့် တက္ကသိုလ် အသီးသီးတွင် တိုက်ရိုက်ချိတ်ဆက်ပြီး လွယ်လင့်ကူ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ အလားတူ Garde-B အဆင့်ဖြင့် အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများက ဒီပလိုမာဘွဲရရှိမည့် နည်းပညာကောလိပ်နှင့် စက်မှု၊ လက်မှု၊ သိပ္ပံ သက်မွေးကျောင်းများသို့ လွယ်လင့်တကူ ချိတ်ဆက်၍ တက်ရောက်သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ မင်းဘူး(စကု)မြို့နယ်၌ အဆိုပါ အောင်မြင်သူများအနက်မှ ယခုနှစ်တွင် နည်းပညာတက္ကသိုလ်၊ ရေဆင်းတက္ကသိုလ်နှင့် မွေးမြူရေးတက္ကသိုလ်များသို့ တိုက်ရိုက် တက်ရောက်ခွင့်ရရှိမည့် ကျောင်းသား၊ ကျောင်းသူ ၁၂ ဦး ပေါ်ထွန်းလာခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသားမိဘများအနေဖြင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများသို့ ချိတ်ဆက် အပ်နှံ၍ ပညာသင်ယူခွင့်လျှောက်ထားနိုင်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်စုစုအောင်က ရှင်းပြသည်။ မင်းဘူး(စကု)မြို့နယ်အနေဖြင့် ၂၀၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံတော်အဆင့် အမှတ်အများဆုံး(သိပ္ပံတွဲ)ဖြင့် ပထမဆုကို စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းမှ ရရှိခဲ့သည့်အပြင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝိပ္ပံဘာသာတွဲတွင် နိုင်ငံတော်အဆင့် အမှတ်အများဆုံး တတိယဖြင့် မင်းဘူးမြို့ ပညာအလင်းရောင်ကိုယ်ပိုင်အထက် တန်းကျောင်းမှ ရရှိခဲ့သည့်အတွက် အစဉ်အလာမပျက်(နှစ်နှစ်ဆက်တိုက်) မြို့နယ်နှင့် မြို့ဂုဏ်ဆောင် ဆုအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မောင်မောင်(မင်းဘူး)