ချောက်မြို့နယ်၌ ရေဘေးအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ချောက် ဇွန် ၇

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ရေဝင်ရပ်ကွက်များသို့ ရေဘေးအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က ဧရာဝတီမြစ်ကမ်းဘေး ရပ်ကွက်နေပြည်သူများအတွင်း လိုက်လံနှိုးဆော်အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ဧရာဝတီမြစ်ကမ်းဘေး ရပ်ကွက်နေပြည်သူများထံ ရေဘေးအသိပညာပေးနှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များအားဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့်ရေဘေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန်၊ ရေကြီးချိန်ကြိုတင်ရွေ့ပြောင်းမှုများပြုလုပ်ကြရန်၊ ရေကြီးပြီးနောက် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များအား အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများဆောင်ရွက်ပေးကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)