ဖျာပုံမြို့၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဖျာပုံ  ဇူလိုင်  ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ မှော်ဘီကျေးရွာအုပ်စု၊ ထိန်တပင်ကျေးရွာတွင် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရန်၊ ရာသီဥတုမျှတပြီး အပူချိန်ထိန်းညှိပေးရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံ မျိုးကွဲများအား ထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ဇူလိုင်လ ၆ ရက်နေ့ နံနက် (၈)နာရီခွဲအချိန်က အဆိုပါကျေးရွာတွင်စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ရှေးဦးစွာ ဖျာပုံခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထက်အောင်က ထိန်တပင်ကျေးရွာ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များအား ပျိုးပင်များပေးအပ်ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့် အဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာသူကျေးရွာသားများ၏ လက်ဝယ်သို့ပျိုးပင်များအား အသီးသီးပေးအပ်ကြသည်။ ထိုနောက် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို တက်ညီလက်ညီ၊စိတ်ပါဝင်စားစွာဖြင့်ဒေသနှင့် ကိုက်ညီသောပျိုးပင်များအား စုပေါင်းပါဝင် စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)