ကြို့ပင်ကောက်မြို့တွင် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး ဟောပြော၍ လက်ကမ်းစာစောင်များဖြန့်ဝေ

ကြို့ပင်ကောက် ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ ရွာမမြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြော၍ မြို့မဈေးနှင့် လူစီကားရာနေရာတို့တွင် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(၂) သာယာဝတီမှ ဆောင်ရွက်ခဲ့သည်။

လူကုန်ကူးမှုနှင့်ပတ်သက်သော ဥပဒေများ ပြစ်မှုပြစ်ဒဏ်များ လူကုန်ကူးမှုမခံရစေရန် ရှောင်ကျဉ် သတိပြုရမည့် အချက်များပါရှိသော အသိပညာပေး လက်ကမ်းစာစောင် ၄၀၀ ကို ကြို့ပင်ကောက် မြို့မဈေးနှင့် အနီးပတ်ဝန်းကျင် လူစည်ကားရာနေရာတို့ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းနှင့် ရွာမမြောက် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(၂) သာယာဝတီ တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအတွက် ကိုယ်တွေ့ဖြစ်စဉ်များ၊ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များ ကိုအသေးစိတ်အသိပညာပေးဟောပြောခဲ့သည်။

လူကုန်ကူးမှုဖြစ်စဉ်နှင့်ပတ်သက်၍ သံသယရှိပါက အရေးပေါ်ဖုန်းနံပါတ်များဖြစ်သော ၀၉-၄၉၅၅၅၆၆၆၊ ၀၉-၄၉၅၅၅၇၇၇၊ ၀၉-၄၉၅၅၅၈၈၈ နှင့် ၀၉-၄၉၅၅၅၉၉၉ တို့သို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်းနှင့် သာယာဝတီခရိုင်အတွင်း လူကုန်ကူးမှုဖြစ်စဉ်ကို ၂၀၁၉ ခုနှစ် အတွင်းတစ်ကြိမ်၊ ၂၀၂၀ ပြည့်နှစ်အတွင်း နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ရဲအုပ်ဥက္ကာသွင်က ပြောသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)