မြောင်းမြမြို့တွင် လူမှုဖူလုံရေးအဖွဲ့မှ နယ်လှည့်ဆေးကုသယာဥ် (Mobile Medical Unit) ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး

မြောင်းမြ ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖုလုံရေး ထည့်ဝင်ကြေးပေးသွင်းထားသော အလုပ်သမားပြည်သူများအားနယ်လှည့်ဆေးကုသယာဥ် (MMU) ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်းကို ဇူလိုင်လ (၆) ရက်နေ့ နံနက် ၈ နာရီ ၃၀  အချိန်မှစတင်၍ ကွယ်လွယ်ကျေးရွာစက်မှုဇုန်ရှိ ခိုင်ဖြိုးကျော်ဆန်စက်တွင် ဆောင်ရွက်ပေးနေကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာ မြောင်းမြခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌတို့က ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့သည်။ ကျန်းမာရေးစောင့် ရှောက်မှုများအဖြစ် လာရောက်စစ်ဆေးပြသသူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ အရပ်နှင့် ကိုယ်အလေးချိန် တိုင်းတာခြင်း၊ သွေးဖောက်စစ်ဆေးပေးခြင်း၊ X.Rayဓါတ်မှန် (ECG) ရိုက်ပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်ပေးမှုအား လူမှုဖူလုံရေးထည့်ဝင်ကြေးပေးသွင်းထားသော အလုပ်သမားပြည်သူ (၉၆၅) ဦးအား ဇူလိုင်လ (၆) ရက်နေ့နှင့် (၇) ရက်နေ့ နှစ်ရက်တာ စောင့်ရှောက်မှုပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ဖြိုး(ပြန်/ဆက်)