မုံရွာ ဇူလိုင် ၇
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(မုံရွာမြို့)တွင် သဘာဝဆိုးဆေးနှင့် Botanical Printing နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၆ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က အဆိုပါ သင်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြူကြူစိန်က ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်း (မုံရွာမြို့) အနေဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့်စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ လမ်းညွှန်ချက်နှင့်အညီ အသေးစားကုန် ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း (၁)ခုကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မုံရွာမြို့၊ မြို့ပေါ်ရပ်ကွက်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ယခုလိုစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြင့်သမဝါယမ ကဏ္ဍနှင့်အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျထွန်းကားစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စီမံဆောင်ရွက်ပေးခြင်းဖြင့် မြို့ပြနှင့်ကျေးလက်များအကြား၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေမှာဖြစ်ပါကြောင်း၊ အသေးစား ကုန်ထုတ်လုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ ဝင်ငွေတိုးပွားရေးကို တိုက်ရိုက်အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချမည့် စာတွေ့လက်တွေ့ သင်ခန်းစာဘာသာရပ်များကို အလေးထားသင်ယူကာ သင်တန်းရည်မှန်းချက် အတိုင်း အကောင် အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအဆင့် စီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်သိန်းက အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင် ရွက်မည့် စီမံကိန်းလုပ်ငန်း၊ သဘာဝဆိုးဆေးနှင့် Botanical Printing နည်းပညာ သင်တန်း အတွက် သင်ထောက်ကူပစ္စည်းများကို လည်းကောင်း၊ ခရိုင်အဆင့် စီမံကိန်းလုပ်ငန်းကြီး ကြပ်မှုကော်မတီအတွင်းရေးမှူး ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခိုင်ခိုင်မိုးက “အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးစီမံကိန်း” သဘာဝဆိုးဆေးနှင့် Botanical Printing နည်းပညာသင်တန်းတွင် အသုံးပြုသင်ကြားမည့် ကုန်ကြမ်းပစ္စည်းများကို လည်းကောင်း ပေးအပ်ရာ သင်တန်းသူများက လက်ခံရယူခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက ခင်းကျင်းပြသထားသော သင်ထောက်ကူ ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများ၊ ရက်ကန်းသင်တန်း လက်တွေ့ဆောင်ရွက်နေမှုများအား လည်းကောင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရှိရပြီး အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၁၅ ဦးတက်ရောက်ပြီး သင်တန်းကာလရက်သတ္တ နှစ်ပတ်ကြာစာတွေ့ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ခရိုင် ပြန်/ဆက်