မကွေး ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီးမှာ ဇန်နဝါရီလ ၂၂ ရက်နေ့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသ ရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၄၁)ဦး ထပ်တိုးတွေ့ရှိခဲ့ပြီး (၂)ဦးသေဆုံးခဲ့၍ တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်းက(၃၁၃၅)ဦးနှင့် သေဆုံးသူက(၁၂) ဦး အထိရှိလာကြောင်း သိရသည်။
“ဒီကနေ့ တိုင်းပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသမှု ခံယူနေတဲ့ ပိုးတွေ့အတည်ပြုလူနာ (၂)ဦး သေဆုံးခဲ့ပါတယ်၊ တစ်ဦးက အသက်(၃၃)နှစ်အရွယ် အမျိုးသား၊မြို့သစ်မြို့နယ်မှာ နေထိုင်သူ ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့တယ်၊ အသဲအားနည်းရောဂါ၊ ဦးနှောက်အေမြှးရောင်ရောဂါ၊ အဆုပ် ရောင်ရောဂါနဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာစနစ် ပျက်စီးပြီး သေဆုံးရတာပါ၊ နောက်တစ်ဦးက အသက်(၄၆)နှစ်အရွယ် အမျိုးသမီး၊ အောင်လံမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့တယ်၊ ဆီးချိုရောဂါ၊ ကျောက်ကပ်အားနည်းရောဂါ၊ အဆုပ်ရောင်ရောဂါတွေနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်၊ တိုင်းဒေသကြီးအတွင်းမှာ ဒီနေ့တွေ့ရှိခဲ့တဲ့ လူနာတွေက RTD စစ်ဆေးမှုနဲ့ စုစုပေါင်း ပိုးတွေ့ အတည်ပြုလူနာသစ်(၄၁)ဦး ထပ်တိုးတွေ့ရှိခဲ့တာပါ၊ တွေ့ရှိတဲ့ ပိုးတွေ့အတည်ပြုလူနာတွေက အောင်လံက(၂၄)ဦး၊မကွေး က(၆)ဦး၊ ချောက်က(၆)ဦး၊ ရေနံချောင်း(၃)ဦးနဲ့ ဂန့်ဂေါနဲ့ တောင်တွင်းကြီးက(၁)ဦးစီ တို့ဖြစ်ပါတယ်၊ ပိုးတွေ့လူနာတွေက အောင်လံ(၆)ဦးက ပိုးတွေ့အတည်ပြုလူနာနှင့် ထိတွေ့မှု ရှိတာကြောင့် အသွားအလာ ကန့်သတ် ထားသူတွေပါ၊ ချောက်(၂)ဦးနဲ့မကွေး(၁)ဦးက စောင့်ကြည့်လူနာတွေဖြစ်ပါတယ်၊ နောက်ထပ် မကွေး(၂)ဦးက ယာဉ်မောင်းတွေဖြစ်ပြီး ချောက်က(၄)ဦး၊ ရေနံချောင်းက(၃)ဦး၊ မကွေး(၃)ဦးနဲ့ တောင်တွင်းကြီး(၁)ဦးတို့က အနံ့ပျောက်လက္ခဏာပြ လူနာတွေပါ၊ ကျန်တဲ့သူတွေက (Quarantine Centre)တွေက ဖြစ်ပါတယ်၊ တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်းက(၃၁၃၅)ဦး ရှိလာပြီး သေဆုံးသူကတော့(၁၂)ဦးအထိ ရှိခဲ့ပြီဖြစ်တယ်” ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက အတည်ပြုပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူ(P contact) များမှ ပိုးတွေ့လူနာများ နေ့စဉ်ထပ်တိုးတွေ့ရှိလာရသဖြင့် ပြည်သူများအနေဖြင့် အထူးသတိပြု ဆင်ခြင်ပြုမှု နေထိုင်ကြဖို့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)