ပေါက်ခေါင်းမြို့နယ်၌ ဟောပြောပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

ပေါက်ခေါင်း ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဟောပြောပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲတို့ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပေါက်ခေါင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေး အကြောင်းများကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက် (၃) ဒေါ်သင်းသင်းထွေးက လူငယ်ရေးရာနှင့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းတို့ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

ထို့နောက် စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဆရာ၊ ဆရာမများက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ဗဟုသုတရဖွယ် နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များကိုပြသခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)