ရေတာရှည်မြို့နယ် အ-မ-က ဝါးတောကြီး ကျောင်း၌စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နယ်လှည့် ဟောပြောပွဲဆောင်ရွက်

ရေတာရှည် ဇူလိုင် ၇

ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊‌ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့်ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဝါးတောကြီး ကျေးရွာအတွင်းရှိ အ‌ခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်‌ သော်ဇင်အောင်က လူကုန်ကူးမှုဆိုသည်မှာ လူတစ်ယောက်ကို အဓမ္မခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ ငွေကြေးအကျိုးအမြတ်ရယူမှုအတွက် ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း စသည့်နည်းလမ်းများသုံး၍ လူစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ခိုလှုံခွင့်ပေးခြင်းအစရှိသည်တို့ဖြစ်ကြောင်း၊ လူကုန်ကူးမှု အဓိပ္ပါယ်၊ လူကုန်ကူးခံရသော အလုပ်သမားများအား အတင်းအကျပ်ထိန်းချုပ်ကာ လုပ်အားခမပေးဘဲ အနည်းငယ်မျှသာပေး၍ အလုပ်ခိုင်းစေခြင်း၊ လူကုန်ကူးမှုတားဆီးကာ ကွယ်ရမည့်အချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုဖြစ်ပွားလာပါက ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများ စိတ်ပါ ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)