ပဲခူး ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ဈေးကြီး ပြန်လည်အဆင့်မြှင့်တင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးအတွင်းသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ၎င်းနောက် ကလိကျေးရွာအုပ်စု၌ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း ဆောင်ရွက်မည့်နေရာနှင့် ပဲခူးပြည်သူ့ဆေးရုံကြီး (ခုတင် ၅၀၀) (၆) ထပ် ဆေးကုသဆောင်သစ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကာ ဆေးကုသဆောင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ကမ္ဘောဇသာဒီ နန်းတော်ရာအတွင်း Land Scaping ပြုလုပ်နေမှု၊ ဘုရင့်နောင်မင်းတရားကြီးစီးနင်းသည့် ပုံစံတူရထားတော်ကြီးအဆောင်နှင့် နန်းတော်ကျွန်တိုင်ဟောင်းများ ထိန်းသိမ်းထားရှိမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နန်းတော်ရာအတွင်း သန့်ရှင်းသပ်ရပ်မှုနှင့် စိမ်းလန်းစိုပြေရေးကို အစဉ်ဆောင်ရွက်ရန်၊ လမ်းညွှန်ဆိုင်းဘုတ်များ ပြန်လည်ပြင်ဆင်ရန်နှင့် မြေယာအလှရှုခင်းများ စဉ်ဆက်မပြတ်လှပစေရေး ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ (၄) လမ်း၌ လျှပ်စစ်မီးတိုင်များ တိုးချဲ့စိုက်ထူနေမှုနှင့် အိမ်တွင်းလျှပ်စစ်မီးသွယ်တန်းပေးနေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရပ်ကွက် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြစ်ကမ်းနားဘေး ဇိုင်းဂနိုင်းမြောက်ပိုင်းပန်းခြံ တည်ဆောက်ပြီးစီးနေမှုနှင့် ပန်းလှိုင်တာဘေး၌ အများပြည်သူအပန်းဖြေခြင်း၊ ကျန်းမာရေးဆိုင်ရာ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နိုင်ရေးတို့အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)