နတ်မောက် ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများ၌ စိုက်ပျိုးထားရှိသော သင်္ဘောပင်များမှအပွင့်များ မိုးရာသီတွင် ဖူးပွင့်နေသဖြင့် မြို့မဈေးကြီးသို့ ခူးယူရောင်းချရာ ရာသီစာအဖြစ် ဝယ်ယူစားသုံးကြသဖြင့် ဈေးကောင်းရရှိကြောင်း ရောင်းချသူများထံက သိရသည်။
ကျေးလက်ဒေသများတွင် အိမ်နောက်ဖေးဈေးဆိုင်တည်ဆိုသည့်အတိုင်း မိမိတို့၏ အိမ်ခြံစည်းရိုးများတွင် သင်္ဘောပင်များစိုက်ပျိုးထားရှိကြကြောင်း၊ တစ်ချို့ဒေသခံများသည်စီးပွားဖြစ်သင်္ဘောပင်များကို ဥယျာဉ်ခြံမြေများတွင် အတန်းလိုက် စနစ်တကျစိုက်ပျိုးကြကြောင်း၊ သင်္ဘောပင်မှအသီးများကို ခူးယူရောင်းချနိုင်သလို အပွင့်များကိုလည်းခူးယူရောင်းချနိုင်ကြောင်း၊ မိသားစုဟင်းစားအတွက်လည်း ချက်ပြုတ်စားသောက်နိုင်ပြီး တစ်ဖက်တစ်လမ်းမှဝင်ငွေလည်းရရှိကြောင်း၊ ယခုဆိုရင် သင်္ဘောပင်မှအပွင့်များပွင့်လာ၍ ခူးယူရောင်းချရာ ရာသီစာသင်္ဘောပွင့်(၁)ပိဿာကို (၁၀၀၀၀)ခန့်ရောင်းချရတာကြောင့် အပိုဝင်ငွေရရှိကြောင်း တွင်းကြီးကျေးရွာမှ စိုက်ပျိုးရောင်းချသူက ပြောသည်။နတ်မောက်မြို့နယ်အတွင်းရှိ တွင်းကြီး၊ တမလန်းပင်၊ ရေယို၊ အင်းကုန်း၊ ဘုန်းတော်ပြည့်၊ န/လက္ခုပ္ပင်၊ ကြူအိုင်၊ သစ်ရာကိုင်း၊ ဖလန်ပင်၊ စည်သာ၊ မရိုးတောကျေးရွာများတွင် တောင်သူများသည် မိရိုးဖလာစိုက်ပျိုးရေးအပြင် ရာသီစာသီးပင်စားပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။
မူမူစန်း