ဖူးစားပြောင်းများဈေးကောင်းရသော်လည်း အထွက်နှုန်းကျ

မင်းဘူး  ဇန်နဝါရီ   ၂၃      

           မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ရွာသာကျေးရွာ မှ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် ဖူးစားပြောင်းများ ဈေးကောင်းနေသော်လည်း အထွက်နှုန်း မကောင်းသောကြောင့် စိတ်ညစ်နေရသည်ဟု ရွာသာကျေးရွာ ပြောင်းစိုက်တောင်သူ ဦးထွန်းထွန်းထံမှ သိရသည်။

       ဖူးစားပြောင်းများစိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစွာရရှိရန် လိုအပ်သည်ဖြစ်ရာ နွေနှင့်ဆောင်းရာသီများတွင် စိုက်ပျိုးလျှင် ရေသွင်း၍မြေအစိုဓာတ် ရေလုံလောက်စွာ ရရှိရန် ပြုလုပ်ပေးရသည်။ စိုက်ပျိုးပြီး အပင်များကြီးထွား၍ ဝတ်ဆံတည်ချိန်တွင် အပင်များအား ထိခိုက်ပြီး ဝတ်ဆံကြွေလွင့်မသွားအောင် ဂရုစိုက်ပေးရသည်။ ဝတ်ဆံများပျက်စီးပြီး ကြွေကျသွားပါက ပြောင်းဖူးစေ့ အောင်မြင်မှု လျော့ကျ သွားနိုင်သောကြောင့်ဖြစ်သည်။ ဖူးစားပြောင်းများသည် စိုက်ပျိုးပြီး ၄၅ ရက်အကြာတွင် ရင့်စပြုပြီး ရက်ပေါင်း ၆၀ အတွင်းခုတ်၍ ရောင်းချနိုင်သည်။

ရွာသာကျေးရွာတွင် ပြောင်းဖူးပင်များကို စတင်စိုက်ပျိုးစဉ်က စနစ်တကျ စိုက်ပျိုးထားသော်လည်း ပန်းများပွင့်ချိန်တွင်  အပူချိန်မြင့်မားပြီး မြေကြီးအစိုဓာတ် ရရှိမှုနည်းသဖြင့် ပြောင်းဖူးများ အထွက်နှုန်း ကျဆင်းနေခြင်းဖြစ်ကြောင်း၊ မိမိနည်းတူ အခြားတောင်သူများလည်း သီးနှံစိုက်ခင်းများ ပျက်ခြင်း၊ သီးနှံများ အထွက်နှုန်းနည်းခြင်း ဖြစ်ပေါ်လျက်ရှိကြောင်း၊ လက်ရှိပြောင်းဖူး ဈေးနှုန်းများမှာ လက်လီဈေး တစ်ဖူးလျှင်ကျပ် ၁၂၀၊ လက်ကားဈေး တစ်ဖူးလျှင်ကျပ် ၁၀၀ ပေါက်နေကြောင်း ၎င်းက ပြောသည်။

ဇေယျာထက် ( မင်းဘူး )