ပန်းတောင်း ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လူကုန်ကူးမှုအန္တရာယ်နှင့် အကြမ်းဖက်မှုဖြစ်စဉ်များအကြောင်း သိရှိနားလည်ပြီး ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ လူကုန်ကူးမှုနှင့် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ဆင်တဲ) ခန်းမ၌ ကျင်းပရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဥပဒေရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်စန္ဒာက လူငယ်လူရွယ်များ အသိပညာဗဟုသုတကြွယ်ဝစေရန်နှင့် လူကုန်ကူးမှုအန္တရာယ်များမှ ရှောင်ရှားနိုင်ရန်အတွက် မိဘ၊ ဆရာ၊ ကျောင်းသား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရမည့် အခန်းကဏ္ဍများကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလတ်သူသူကျော်က သက်ငယ်မုဒိမ်းမှုနှင့် အကြမ်းဖက်မှုဒဏ်ခံရသူများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် အောင်ဇော်မိုးက လူကုန်ကူးမှုဖြစ်ပေါ်တတ်သည့် ပုံစံများ၊ လူပွဲစားများ၏ ဆွဲဆောင်စည်းရုံးတတ်သော နည်းလမ်းများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးစိုင်းမောင်မောင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေ၊ ပြစ်ဒဏ်များ၊ အမျိုးသမီး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေရေးရာများကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာကြသော တာဝန်ရှိသူများက ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်ခဲ့သော မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် စာစီစာကုံးပြိုင်ပွဲ၌ ဆုရရှိသူ ကျောင်းသား/ သူများကို ဆုလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)