ခေတ်မီဆန်းသစ်သောပညာရပ်များကို ထပ်မံလေ့လာသင်ယူ၍ မိမိတို့၏ကိုယ်ပိုင်ရက်ကန်းစင်များဖြင့် မိသားစုဝင်ငွေတိုးတက်ရေးရရှိအောင်ကြိုးစား

ဘားအံ ဇူလိုင် ၆

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(ဘားအံ)၏ လက်ရက် ကန်း(၆)လ ပထမအကြိမ်သင်တန်းဆင်းပွဲနှင့် ဒုတိယအကြိမ်သင်တန်းဖွင့်ပွဲကို ဇူလိုင် ၆ ရက် နံနက် ၈ နာရီက ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်း၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများတက်ရောက်သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူများ သင်တန်းကာလအတွင်း စားသောက်ရေးအဆင်ပြေစေ ရန် ဆန်၊ ဆီနှင့်ထောက်ပံ့ငွေများကို ခွင့်ပြုထောက်ပံ့ပေးခဲ့ပြီး သင်တန်းဆင်းပြီးပါက ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန် သင်တန်းသူတစ်ဦးကို လက်ရက်ကန်းစင်တစ်စင်နှင့် ဆက်စပ်ပစ္စည်းများကိုလည်း ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးရန်ပုံငွေမှ နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိကာ သင်တန်းသူများအနေဖြင့် ရရှိထားသည့်အတတ်ပညာများဖြင့် ကျေနပ်မနေကြဘဲ မိမိတို့၏လူနေမှုဘဝတိုးတက်သည်ထက် တိုးတက်အောင် ခေတ်မီဆန်းသစ်သော ပညာရပ်များကို ထပ်မံလေ့လာသင်ယူ၍ မိမိကိုယ်ပိုင်ရက်ကန်းစင်ဖြင့် မိသားစုဝင်ငွေတိုးတက်ရေးရရှိအောင် ကြိုးစားလုပ်ကိုင်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက သင်တန်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်တာဝန်ရှိသူများက သင်တန်းဆင်းသင်တန်းသူများအား ရက်ကန်းစင်နှင့်ဆက်စပ်ပစ္စည်းများ၊ သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ကြသည်။

လက်ရက်ကန်း(၆)လ ပထမအကြိမ်သင်တန်းကို သင်တန်းသူ ၁၄ ဦး သင်တန်းဆင်းခဲ့ကြပြီး ဒုတိယအကြိမ် သင်တန်းကို သင်တန်းသူ ၁၀ ဦးဖြင့် တက်ရောက်ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားပြီး ခင်းကျင်းပြသထားသော လက်ရက်ကန်းနှင့်ဆက်စပ်ပစ္စည်းများ၊ သင်တန်းဆင်းလက်ရာများနှင့် စက်ရက်ကန်းဖြင့် ရက်ကန်းရက်လုပ်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)