ဖြူးမြို့နယ်၌ မိုးရာသီ အလွတ်တန်းဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

ဖြူး ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မိုးရာသီ မြို့နယ်စီမံအုပ်ချုပ်ရေးဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က စည်ပင်သာယာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်အောင်က ဘောလုံးပွဲဖြစ်မြောက်ရေးအတွက် ယခင်အစည်းအဝေးတွင် ဖွဲ့စည်းထားသည့် ကော်မတီဖွဲ့စည်းထားမှု၊ ဆက်လက်ဆောင်ရွက်သွားရမည့်အခြေအနေများအား ရှင်းလင်းပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးတင်ငွေက ရပ်ကွက်နှင့် ကျေးရွာအလိုက် အသင်း ၁၀ သင်း ဖွဲ့စည်းထားမှုနှင့် လိုအပ်ချက်များအား တင်ပြဆွေးနွေးသည်။

ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အားကစားဆပ်ကော်မတီဝင်များ၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ ကညွတ်ကွင်းမြို့များရှိ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဘောလုံးပွဲဖြစ်မြောက်ရေးအတွက် လိုအပ်ချက်များအား အကြံပြုဆွေးနွေးခဲ့ကြောင်းနှင့် ပြိုင်ပွဲအား (၂၁-၇-၂၀၂၆) ရက်နေ့တွင် ကျင်းပနိုင်ရေးလျာထားကြောင်း အဆိုပါညှိနှိုင်းအစည်းအဝေးမှ သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)