ရွှေကျင် ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာအုပ်စု၊ သောင်လယ်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်သဲစုအောင်က ကျောင်းသား/ ကျောင်းသူများအား ကလေးအလုပ်သမားဆိုသည့် အကြောင်းအရာများ၊ ကလေးအလုပ်သမား ဘယ်လိုပေါ်ပေါက်လာသည်ဆိုသည့် အကြောင်းအရာများ၊ ကလေးအလုပ်သမားများကို မည်သို့ဖြေလျှော့ပပျောက်အောင် ဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်း၊ ကလေးအလုပ်သမားများ၏ လုပ်ငန်းခွင်အန္တရာယ်များအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားစေမည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်များအား ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)