ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ‌ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ အောင်ဘာကျေးရွာသို့သွားရောက်၍ ဒေသဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်

ကော့သောင်း ဇူလိုင် ၅

ကော့သောင်းခရိုင်၊ အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊‌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်နှင့်ခရိုင်/မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ အောင်ဘာကျေးရွာသို့ ဇူလိုင်လ(၅)ရက်နေ့နံနက်ပိုင်းက ကွင်းဆင်း သွား ရောက်၍ ဒေသဖွံ့ဖြိုးရေး၊ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များ၏ အခမဲ့ကွင်းဆင်းဆေးကုသရေးအစီအစဉ်ဖြင့် အခမဲ့ဆေးကုသခြင်း ဆောင်ရွက်နေသည့် အောင်ဘာတိုက်နယ်ဆေးရုံသို့သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ခရိုင်အုပ်ချုပ်‌ရေးမှူး ဦးရဲမြတ်တင့်နှင့် Kento Trading Co.Ltdမှ တာဝန်ရှိသူတို့မှ ကော့သောင်းပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်‌ ဒေါက်တာလင်းထိုက်နှင့်အထူးကုဆရာဝန်ကြီး များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်၍ အောင်ဘာတိုက်နယ်‌ဆေးရုံအတွက် အလှူငွေများပေးအပ်ခဲ့သည်။

ယင်းနောက် တာဝန်ရှိသူများသည် အောင်ဘာကျေးရွာရှိ ဆိုလာလျှပ်စစ်ဓာတ်အားပေးရုံသို့ သွားရောက်၍ အောင်ဘာကျေးရွာအတွင်း လျှပ်စစ်မီးဖြန့်ဖြူး‌ပေးနေမှုအခြေအနေအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်လမ်းညွှန်မှာကြားခဲ့သည်။ဆက်လက်၍ တာဝန်ရှိသူ များသည် အောင်မင်္ဂလာကျောင်း ကျောင်းထိုင်ဆရာတော်အား ဖူးမြော်၍သင်္ဃန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ မေးမြန်းလျှောက်ထားခဲ့သည်။

ထို့နောက် ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် အောင်ဘာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး ရွာခန့်ဆရာ၊ ဆရာမများအား ချီးမြှင့်ငွေ(၄)သိန်းကျပ် ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်၊  ခဲတံနှင့် ကျောင်းဝတ်စုံများ ပေးအပ်ခဲ့သည်။ ဆက်လက်၍  ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးအောင်သောင်းမှ ကျောင်းအတွက်လိုအပ်ချက်များအားတင်ပြခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးဦးရဲမြတ်တင့်က ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)