မကွေး ဇူလိုင် ၆
မကွေးတိုင်းဒေသကြီးအတွင်းရှိ အမြင်အာရုံချိုတဲ့နေသော မိဘပြည်သူများအား အလင်းရောင် ပြန်လည်ရရှိစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ၊ ဝန်ကြီးချုပ်နှင့် ဇနီး အမှူးရှိသော အစိုးရအဖွဲဝင်ဝန်ကြီးများတို့က သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံကြီး၌ (စတုတ္ထအကြိမ်) အခမဲ့မျက်စိ ခွဲစိတ်ကုသမှုခံယူနေ သောလူနာများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက မကွေးမြို၊ မဟာဝိသုတာရာမကျောင်းတိုက်အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီး မကွေးမြို၊ မဟာဝိသုတာရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုဏ္ဍလထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဒေါက်တာမောင်မောင်ဌေးတို့က သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံကြီး (စတုတ္ထအကြိမ်) တွင် အခမဲ့မျက်စိခွဲစိတ်ကုသမှု ခံယူနေသောလူနာများအတွက် အလှူငွေကျပ်သိန်း (၃၀) ကို ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ တောင်ငူမြို၊ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကိတ္တိသာရထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သီတဂူမြင့်မိုရ်စံစက္ခုဒါနဆေးရုံကြီးအတွင်း သီတဂူအထူးကုဆရာဝန်ကြီးများ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆေးရုံကြီးမှ ပါရဂူများနှင့် အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သီတဂူဝေယျာ ဝစ္စအဖွဲဝင်များက ခွဲစိတ်ခန်းသုံးပစ္စည်းများ၊ ခေတ်မှီစက်ကိရိယာများဖြင့် မျက်စိဝေဒနာရှင်များအား စနစ်တကျ စမ်းသပ်စစ်ဆေးပေးနေမှု၊ ခွဲစိတ်ခန်းအတွင်း မျက်စိခွဲစိတ်ကုသပေးနေမှုနှင့် ခွဲစိတ်ပြီး မျက်စိဝေဒနာရှင်များအား ဆေးဝါးကုသစောင့်ရှောက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု၍ အခမဲ့မျက်စိခွဲစိတ် ကုသမှုခံယူခဲ့ကြသည့် မျက်စိဝေဒနာရှင်များအတွက် မျက်မှန်၊ မျက်စဉ်း၊ ဆေးဝါး၊ ထောက်ပံ့ငွေများနှင့် အာဟာရဖြည့်စွက်စာများကို ပေးအပ်ကာ၊ မျက်စိဝေဒနာရှင် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ မကွေးမြို သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံကြီးတွင် (စတုတ္တအကြိမ်) အဖြစ် မကွေးတိုင်းအတွင်းရှိ မြိုနယ်အသီးသီးမှ လာရောက်ပြသကြသော မျက်စိဝေဒနာရှင် စုစုပေါင်း (၂၄၀၀) ကျော်အား စမ်းသပ်စစ်ဆေးပေးခဲ့ပြီး၊ မျက်စိအတွင်းတိမ်နှင့် ရေတိမ်ဝေဒနာရှင်တို့ကို သီတဂူအထူးကုဆရာဝန်ကြီးများက ဇွန်လ ၃၀ ရက်နေ့ မှ ဇူလှိင် ၇ ရက်နေ့ထိ အခမဲ့ခွဲစိတ်ကုသပေးသွားမည်ဖြစ်ပြီး မျက်စိဝေဒနာရှင်များနှင့် လူနာစောင့်များအားလုံး၏ နေထိုင်စားသောက်ရေးအတွက် သီတဂူသာသနာပြုအဖွဲနှင့် အလှူရှင်များက အခမဲ့စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)