ကျိုက်လတ် ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီ ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲကို အားကစားစိတ်ဓာတ် ရှင်သန်လာကြစေရန်၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝ ဖြစ်လာစေရန်နှင့် နိုင်ငံအတွက်အလေးထားရသော အားကစားသမားကောင်းများ ဖြစ်လာစေရန်တို့ကိုရည်ရွယ်၍ အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာမှ တာဝန်ရှိသူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေး ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဝေက ၂၀၂၆ ခုနှစ်၊ မိုးရာသီ ဘောလုံးပြိုင်ပွဲ၏ အထွေထွေစည်းမျဉ်း/စည်းကမ်းများအား ချပြဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၆ ခုနှစ်၊ မိုးရာသီ ဘောလုံးပြိုင်ပွဲကို မြို့နယ်ပြည်သူ့အားကစားကွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မင်းအောင် (ပြန်/ဆက်)