ရွှေတောင် ဇူလိုင် ၆
မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.လ.က မယားမာန်ကျောင်းနှင့် အ.မ.က မူလွန်အိုးထိမ်းကုန်းကျောင်းတို့တွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး၊ အသိပညာပေးဟောပြာပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုသန့်က ကျောင်းသား/ ကျောင်းသူများအား ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးတစ်ယောက်၏ အလုပ်လုပ်နိုင်သည့် အသက်အရွယ်နှင့် ဥပဒေပါအကြောင်းအရာများကိုလည်းကောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အသိပညာပေးစသည့် အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က "မိအေးချက်တဲ့ဟင်းတစ်ခွက်" စက္ကူပြဇာတ်ခေါင်းစဉ်ဖြင့် ပုံပြင်ပြောခြင်းကို ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့်က စားသုံးသူနှင့် ပတ်သက်သော ကုန်စည်အမှတ်အသား (၈) ချက်နှင့် ဆောင်ရန်ရှောင်ရန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါ်သပြေက အားကစား၏ အဓိပါယ်အားကစားနည်း (၄) မျိုး၊ အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ကိုယ်လက်လှုပ်ရှားမှုများ အသိပညာပေးသိကောင်းစရာအကြောင်း၊ အသီးသီးဟောပြောခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များပြသခြင်း ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကို ဖတ်ရှုခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)