ငွေဆောင်မြို့၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေး တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ငွေဆောင် ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ငွေဆောင်မြို့၌ ဒေသတွင်း စားနပ်ရိက္ခာ  ဖူလုံစေရန်နှင့်  စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက သဇင်ကျေးရွာအုပ်စု၊ သဇင်ကျေးရွာရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းခွင်များသို့ သွားရောက်ကာ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် သဇင်ကျေးရွာ (တောင်ပိုင်း) ရှိ မိုးစပါးစိုက် ကွင်းများသို့ သွားရောက်၍ မိုးစပါးစိုက်ပျိုးထားမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ထို့နောက် တာဝန်ရှိသူများသည် ပေါင်းစည်းလယ်ယာစနစ်ဖြင့် လုပ်ကိုင်နေသည့် တောင်သူ ဦးမောင်မောင်စန်း၏  ပဲစိုက်ခင်း၊ ဒေသကြက်၊ ဝက်၊ ဆိတ်၊ ငါးမွေးမြူရေးလုပ်ငန်းများ၊ နှစ်ရှည်သီးနှံစိုက်ခင်းများနှင့် မိုးရေသိုလှောင်ကန်မှ သောက်ရေ၊ သုံးရေ ဖြန့်ဝေပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မိုးစပါးစိုက်ပျိုးရာတွင် လုပ်သားရှားပါးမှု အခက်အခဲကို ကျော်လွှားနိုင်ရန်အတွက် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းကာ မျိုးစေ့ချစက် (Seeder) များ ဝယ်ယူအသုံးပြု စိုက်ပျိုးသွားရန် ၊ မိသားစုဝင်ငွေ တိုးပွားစေရေးအတွက် နှစ်ရှည်သီးနှံပင်များအပြင် စျေးကွက်ဝင် သီးနှံများကိုပါ တိုးချဲ့စိုက်ပျိုးသွားရန် စည်းရုံးအားပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် မြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ယာသီးနှံစိုက်ကွင်းများတွင် မိုးမြေပဲနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထားရှိမှု အခြေအနေများ၊စျေးကွက်ဝင် နှစ်ရှည်သီးနှံဖြစ်သည့် ငှက်ပျောနှင့် သရက်ပင်များ ထပ်မံစိုက်ပျိုးရန် ပြင်ဆင်နေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကာ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရန်နှင့် ဒေသတွင်း စျေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စျေးကွက်ဝင်သီးနှံပင်များကို စနစ်တကျ တိုးချဲ့စိုက်ပျိုးသွားကြရန် တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးကာ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 ကျော်လင်းဦး ( ပြန် / ဆက်)