ဂန့်ဂေါမြို့နွင် ဆောင်းရာသီသီးနှံ သခွားမွှေးများ စတင်စိုက်ပျိုး

ဂန့်ဂေါ ဇန်နဝါရီ ၂၃

ဂန့်ဂေါမြို့နယ်တွင် ဖရဲနှင့် သခွားမွှေးကို ဆောင်းရာသီ၌ စိုက်ပျိုးလေ့ရှိရာ ဖရဲသီးများမှာ ဆွတ်ခူးရောင်းချနေရပြီ ဖြစ်သော်လည်း သခွားမွှေးကိုမူ စတင်စိုက်ပျိုးနေကြဆဲ ဖြစ်ကြောင်း သိရသည်။

သခွါးမွှေးကို ဂန့်ဂေါမြို့နယ်နှမ်းခါးကျေးရွာတွင် စိုက်ပျိုးမှုများပြားပြီး "ဒီနှစ် သခွားမွှေး ၄ ဧက စိုက်ပျိုးထားပါတယ်။ မျိုးအနေနဲ့ ဝူခုန်း ၂၅ နဲ့ ရွှေသခွားမွှေးကို စိုက်ပျိုးထားပါတယ်၊ ဒီစိုက်ခင်းကနေ ကျပ် သိန်း ၁၇၀ လောက်ရမယ်လို့ မျှော်လင့်ပါတယ်" ဟု စိုက်ပျိုးသည့် တောင်သူတစ်ဦးဖြစ်သူ ဦးသိန်းသန်းအောင် က ပြောပြသည်။

သခွားမွှေးတစ်ဧက စိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ်တစ်ဆယ့်ငါးသိန်း၊ သိန်းနှစ်ဆယ်ခန့် ကုန်ကျပြီး ခူးဆွတ်ချိန်တွင် ဒေသတွင်းရှိ ဂန့်ဂေါ၊ ကလေးမြို့များနှင့် မန္တလေး၊ မူဆယ်မြို့များသို့ တင်ပို့၍ လည်းကောင်း၊ ဂန့်ဂေါ-ကလေး ကားလမ်းဘေးတွင် ဆိုင်ခင်း၍လည်းကောင်း ရောင်းချလေ့ ရှိကြသည်။

စားသုံးသူဘေးကင်းလုံခြုံစေရေးအတွက် လိုက်နာကျင့်သုံးသင့်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရေးအတွက် ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် သခွားမွှေးစိုက်ခင်းများသို့ ကွင်းဆင်းကာ တောင်သူများနှင့် တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးကြကြောင်း သိရသည်။

တောင်သားမောင်သန်း