သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

သဲကုန်း ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ရှိ ကျောင်းသား/ ကျောင်းသူများအနေဖြင့် စာပေကို ချစ်မြတ်နိုးတတ်လာသူများ ဖြစ်လာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုတိုးတတ်မြင့်မားလာစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်လာစေရန် ရည်ရွယ်၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာနတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ကျောင်းသား/ ကျောင်းသူများအနေဖြင့် ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာကြည့်တိုက်အား အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် ကလေးများအချင်းချင်း အတူတကွ ပူးပေါင်းပါဝင် လုပ်ဆောင်တတ်စေရန်နှင့် စဉ်းစားတွေးခေါ်မှုမြင့်မား၍ ဖြတ်ထိုးဉာဏ်များ ကောင်းမွန်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ လူငယ်များအနေဖြင့် ဗလငါးတန်ကြွယ်ဝစေရန်၊ လူငယ်နှင့် ခေါင်းဆောင်မှုအခန်းကဏ္ဍ၊ ရည်ရွယ်ချက်/ ရည်မှန်းချက်များထားရှိရန်၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်၊ မသန်စွမ်းသူများ၏ အခွင့်အရေးများ စသည့်အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပရာ ကျောင်းသား/ ကျောင်းသူ ၁၃ ဦးတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသောကျောင်းသား/ ကျောင်းသူများနှင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစားဖတ်ရှုလေ့လာကြကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)