မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ “ပညာဘဏ်တိုက်” စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း

မြို့သစ် ဇူလိုင် ၆

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာစာကြည့်တိုက်များအတွက် လှူဒါန်းသည့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခြင်းကို ဇွန် ၄ ရက် နံနက်ပိုင်းက မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။       

စာအုပ်စာစောင်များ  ပေးအပ်လှူဒါန်းရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ကျေးရွာနေပြည်သူများ  အလွယ်တကူစာပေဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယခုလို စာအုပ်စာစောင်များ လှူဒါန်းရခြင်းဖြစ်ကြောင်း၊ စာအုပ်စာစောင်များအား မပျက်စီး၊ မပျောက်ဆုံးအောင် စာကြည့်တိုက်ကော်မတီဝင်များမှ ထိန်းသိမ်းရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် စုစုပေါင်းငွေကျပ် (၁၀) သိန်းတန်ဖိုးရှိ  သုတ/ ရသစာအုပ် စာစောင် (၁၃၅) အုပ်အား မြေပြင်သာကျေးရွာ “ပညာဘဏ်တိုက်” စာကြည့်တိုက်ကော်မတီဝင်များ၏ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)