တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့တက်ရောက်

ထားဝယ် ဇူလိုင် ၅

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု၊ မုန်တိုင်းဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီအလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှကြီးမှူး၍ တနင်္သာရီတိုင်းဒေသကြီး မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ကမြောကင်းတံတားအနီး ထားဝယ်မြစ်အတွင်း ကျင်းပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးသန်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးသည်။

ထို့သို့ ဇာတ်တိုက်လေ့ကျင့်ခြင်းတွင် ပူးပေါင်းအဖွဲ့များက မုန်တိုင်းဘေးအန္တရာယ်ဖြစ်ပွားနိုင်သည့် ကမ်းရိုးတန်းတစ်လျှောက်နှင့် ရပ်ကွက်၊ ကျေးရွာများအတွင်းနေထိုင်သည့် ပြည်သူများအား အသံချဲ့စက်ဖြင့် နှိုးဆော်သတိပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား သရုပ်ပြသခြင်း၊ မုန်တိုင်းနှင့် မုန်တိုင်းဒီရေဘေးအန္တရာယ်ရှိသောနေရာများရှိ ပြည်သူများကို ဘေးအန္တရာယ်ကင်းလွတ်ရာနေရာသို့ ရွှေ့ပြောင်းသယ်ဆောင်ခြင်း၊ မုန်တိုင်းဒဏ်ကြောင့် ပြိုပျက်သွားသော အဆောက်အဦ၏ အုတ်နံရံအတွင်းပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအသုံးပြု၍ ကယ်ထုတ်ခြင်း၊ လမ်းတွင်ပိတ်ဆို့နေသော သံပိုက်လုံးအားယာဉ်ဖြင့်ဖယ်ရှားခြင်း၊ ရေကြီးရေလျှံမှုကြောင့် မြစ်အတွင်း စက်လှေတိမ်းမှောက်ကာ ရေနစ်နေသူများနှင့် ရေတွင်မျောပါလာသူများအားကယ်ဆယ်ခြင်း၊ အသက်ကယ်ဘောမှလွတ်ထွက်သွားသောလူတစ်ဦးအား ရှာဖွေကယ်ဆယ်ရေးရေယာဉ်မှ line shoter ကြိုးပစ်သေနတ်အားကိုအသုံးပြု၍ ကယ်ဆယ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဒဏ်ရာရရှိသူများအနက် အရေးပေါ်လူနာ၊ အရေးကြီးလူနာ၊ သာမန်လူနာများခွဲခြား၍ ရှေးဦးသူနာပြုစုခြင်းနှင့် ဆေးရုံသို့ပို့ဆောင်ခြင်း၊ ကျန်ရှိ/ပျောက်ဆုံးပြည်သူများ ရှိ/မရှိကို စာရင်းကောက်ယူစိစစ်ဆောင်ရွက်ခြင်း စသည့်တို့ကိုအချိန်တိုအတွင်း အလျင်အမြန်ပြီးစီးရန်ဇာတ်တိုက် လေ့ကျင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက တိုင်းဒေသကြီးအနေဖြင့် မုတ်သုံရာသီတွင် ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် အားအလွန်ကောင်းသော မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး ပင်လယ်ကမ်းရိုးတန်းရှိ ငါးဖမ်းစက်လှေများ၊ ခရီးသွားလာသူများအနေဖြင့် ဘေးအန္တရာယ်ကြုံလာနိုင်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် မိုးများသောဒေသဖြစ်သည့်အတွက် မြေပြိုမှုများ၊ တာတမံပြိုကျမှုများဖြစ်ပေါ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ကြောင်း၊ အထူးသဖြင့် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကျွန်းများရှိ ဆောက်လုပ်ထားသောနေအိမ်များရေလွှမ်းပြီး ပြိုကျမှုများကြုံတွေ့လာနိုင်ကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ မဖြစ်ခင်ကြိုတင်ကာကွယ်သည့် နည်းလမ်းများ၊ ဖြစ်ပွားနေစဉ်ကာလအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ၊ ဖြစ်ပွားပြီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာ/အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းပြီး "မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ကြောင်း၊ ဇာတ်တိုက်လေ့ကျင့်မှုများတွင် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းပါဝင်သူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုပြောကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်၍ မီးသတ်ဦးစီးဌာနက ရှာဖွေကယ်ဆယ်ရေးတပ်ခွဲ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီသယ်ဆောင်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်း (၃၅၀) ဦး ပါဝင်ဇာတ်တိုက်လေ့ကျင့်ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)