ပြည်မြို့၌ ဧရာဝတီမြစ်အတွင်း ရေပြင်အသက်ကယ်သရုပ်ပြသခြင်း ဇာတ်တိုက်လေ့ကျင့်မှု ကျင်းပ

ပြည် ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဧရာဝတီမြစ် ဘောတံတားအနီးတွင် ယနေ့ ဇူလိုင်လ ၅ ရက်နေ့က “ရေပြင်အသက်ကယ်သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း” အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် ပြည်ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ၊ ပြည်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ‌ရေးကော်မတီ ဥက္ကဋ္ဌ၊ ဦးအောင်ကျော်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသတွင်း‌ရေနစ်သူ ကယ်ဆယ်‌ရေးအဖွဲ့များနှင့် ဆံတော်အရန်မီးသတ်တပ်ဖွဲ့ဝင်များ အစရှိသည့် တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မြစ်ရေကြီးမှု ကြိုတင်သတိပေးကြေညာခြင်း လုပ်ငန်းစဉ်များ၊ ရေပြင်အသက်ကယ် သရုပ်ပြသခြင်း လုပ်ငန်းများကို အပိုင်းလိုက် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသသည်။

ထို့နောက် ဇာတ်တိုက်လေ့ကျင့်မှုတွင် ပါဝင်ကူညီကြသည့် အဖွဲ့အစည်းများအား ချီးမြှင့်ဂုဏ်ပြုခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ ယခုကဲ့သို့ ဇာတ်တိုက်လေ့ကျင့်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်များ ရုတ်တရက် ကြုံတွေ့လာပါက ရှာဖွေကယ်ဆယ်ရေး အဖွဲ့များအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းကာ ထိရောက်စွာ ကယ်ဆယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ဝဏ္ဏထွန်း (ပြန်/ဆက်)