ငပုတော ဇူလိုင် ၅
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ထပ်ဆင့်လမ်းညွှန်မှုဖြင့်တိုင်းဒေသကြီး ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသမှုအစီအစဉ်ဖြင့် တိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းကငပုတောမြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အစည်းအဝေးခန်းမတွင် ဒေသခံပြည်သူများအား ဆေးကုသမှုများဆောက်ရွက်ပေးခဲ့သည်။
အဆိုပါဆေးကုသမှုအစီအစဉ်တွင် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးမှဆေးရုံအုပ်ကြီး ဒေါက်တာ အေးအေးအောင်နှင့် ကလေးအထူးကု၊ ခွဲစိတ်အထူးကု၊ သားဖွားမီးယပ်အထူးကု၊ အရိုးနှင့် ထိခိုက် ဒဏ်ရာအထူးကု၊ မျက်စိအထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု၊ ဓာတ်မှန်ဆိုင်ရာ အထူးကု၊ အရေးပြားရောဂါအထူးကု၊ ဆရာဝန်ကြီးများက ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
ယင်းသို့ဆောင်ရွက်နေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကုသရေး ဦးစီးမှူး ဒေါက်တာသန့်ဇော်မြင့်၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့အသင်းဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များကြက်ခြေနီတပ်ဖွဲ့ဝင် များကပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အောင်သူ(ပြန်/ဆက်)