၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် (U-14) ကျောင်းသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း     ဇူလိုင်     ၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် (U-14) ကျောင်းသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်၊ဗိုလ်ချုပ်လမ်းရှိ  မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကဘင်ခရာနှင့် ပန်းပွားအကဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်အလံ အလေးပြုခြင်းနှင့်ပြိုင်ပွဲဝင် အသင်းများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခြင်း တို့ဆောင်ရွက်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးကအဖွင့်အမှာစကား ပြောကြားရာတွင်ကျောင်းသားလူငယ်များအနေဖြင့် အားကစားကို စည်းကမ်းရှိရှိ လေ့ကျင့်ယှဉ်ပြိုင်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော လူငယ်များ ဖြစ်လာစေရေး၊ အသင်းအဖွဲ့စိတ်ဓာတ်၊ အနိုင်အရှုံးကို အားကစားစိတ်ဓာတ်ဖြင့် လက်ခံတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးနှင့်မြို့နယ်၊ တိုင်းဒေသကြီးနှင့် နိုင်ငံကိုယ်စားပြုထူးချွန်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကို အလေးထား ကြိုးပမ်းဆောင်ရွက်ကြရန် ပြိုင်ပွဲဝင်အသင်းများအား တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်ကျောင်း အသင်းများ က အားကစားသမားကျင့်ဝတ်နှင့်အညီ ယှဉ်ပြိုင်ကစားသွားရန် သစ္စာအဓိဋ္ဌာန်ပြု ခဲ့ကြပြီး တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား နှုတ်ဆက်အားပေးခဲ့သည်။

အဆိုပါ ကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် (U-14) ကျောင်းသားဘောလုံးပြိုင်ပွဲကို မြို့နယ်အတွင်းရှိကိုယ်ပိုင်ကျောင်း(၂)ကျောင်း အပါအဝင် အခြေခံပညာကျောင်းပေါင်း (၃၈၄) ကျောင်းမှ အသင်း (၉)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ကျောင်းသားလူငယ်များ၏ ကိုယ်ကာယ ကြံ့ခိုင်ရေး၊ စည်းကမ်းလိုက်နာမှုနှင့် အသင်းအဖွဲ့စိတ်ဓာတ်များ ဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)