ဖောင်းပြင် ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ယမန်နေ့ညနေ ၅ နာရီခန့်၌ မန္တလေးမြို့မှ ဝင်လာသည့် မာဗယ်လ် (Marble) ဆေးလိပ် ကုမ္ပဏီမှ ယဉ်မောင်းနှင့် ဆေးလိပ်ဖြန့်ဖြူးရောင်းချသည့် အမျိုးသားဝန်ထမ်း နှစ်ဦးအား RDT Test Kid ဖြင့် စစ်ဆေးရာ အသက်(၂၇)နှစ်အရွယ်ရှိ ဆေးလိပ်ဖြန့်ဖြူးရောင်းချရေး အမျိုးသားဝန်ထမ်း တစ်ဦးထံမှ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့ရှိရကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
“မြို့အဝင်ဂိတ်မှာ တာဝန်ထမ်းဆောင်နေသူတွေက ခရီးသွားရာဇဝင်မေးမြန်းကြည့်တော့ မန္တလေးကလာတယ်ပြောလို့ ကျွန်တော်တို့ ပြည်သူ့ကျန်းမာရေးဌာနနဲ့ချိတ်ဆက်ပြီး နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ကို ကိုဗစ်-၁၉ ရောရာပိုး ရှိ/မရှိ စစ်ဆေးရာမှာတော့ အရောင်းဝန်ထမ်းတစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိရတာပါ၊ သူတို့ရောက်လျင်ရောက်ချင်းပဲ ခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပါတယ်” ဟု ကျန်းမာရေးမှူးအဆင့်(၁) ဦး သန်းဆွေဦးက ဖြေကြားသည်။
အဆိုပါပိုးတွေ့ရှိသူအား မြို့နယ်ပြည်သူ့ဆေးရုံရှိ သံဃာဆောင် (Isolation Word)သို့ ရွှေ့ပြောင်းထားရှိပြီး ဆေးကုသမှုများဆောင်ရွက်လျက်ရှိကြောင်း ယဉ်မောင်းနှင့်ယာဉ်အား ဖောင်းပြင်မြို့ အခြေခံပညာအထက်တန်း ကျောင်းရှိ Community Base Facility Quarantine၌ ကန့်သတ်ထားရှိကြောင်း ၎င်းထံမှသိရသည်။
ကိုထွန်း(ဖောင်းပြင်)