မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားတက်ရောက်

မော်လမြိုင် ဇူလိုင် ၅

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ဇူလိုင် ၃ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအနေဖြင့် မိမိတို့အစိုးရအဖွဲ့ တာဝန်ယူသည့် အချိန်မှစ၍ စားရေရိက္ခာဖူလုံရေးနှင့် တိုင်းပြည်သာယာဝပြောရေးဟူ၍ အမျိုးသား ရည်မှန်းချက် (၂)ရပ်ကို ချမှတ်ထားရှိပါကြောင်း၊ တိုင်းပြည်သာယာဝပြောရေးအတွက် MSME လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နေပါကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံပြီးလုပ်ကိုင်နေကြသည့် နိုင်ငံဖြစ်သောကြောင့် ပြည်တွင်းရှိ MSME လုပ်ငန်းများအတွက် အလွယ်တကူရရှိနိုင်သည့် သဘာဝသယံဇာတနှင့် စိုက်ပျိုးမွေးမြူရေး အခြေခံဒေသထွက်ကုန်ကြမ်းများကို အသုံးပြုသည့် ကုန်ထုတ်လုပ်မှုကို အဓိက တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့ တာဝန်ယူ ဆောင်ရွက်ချိန်တွင် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာန၏ လုပ်ငန်းများအပြင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက် များကိုပါ ကဏ္ဍအလိုက် အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင်လည်း ကြုံတွေ့ရမည့်အခက်အခဲများ၊ ပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ ဖြေရှင်းဆောင်ရွက်ပေးရမည့် လိုအပ်ချက် များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြပေးကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူးက ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်များ၊ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်များ၊ လုံခြုံရေးနှင့်အုပ်ချုပ်ရေးညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအား ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက ထွေထွေဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မင်းရွာကျေးရွာရှိ တိုင်းရင်းသားယဉ်ကျေးမှုစင်တာ မျက်နှာစာ၌ ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုအားပေးခဲ့သည်။

ထိုသို့ကြည့်ရှုရာတွင် ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားယဉ်ကျေးမှုစင်တာသည် မိမိတို့၏ ရိုးရာဓလေ့နှင့် အမွေအနှစ်များကို ဖော်ကျူးရာနေရာဖြစ်၍ ရေရှည်တည်တံ့ခိုင်မြဲပြီး ပတ်ဝန်းကျင်အမြဲ သန့်ရှင်းသာယာလှပနေစေရေးအတွက် စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်သွားရန်မှာကြား၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စင်တာမျက်နှာစာနှင့် ဝန်းကျင်တစ်ဝိုက်ရှိ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ကောက်ယူခြင်းနှင့် ရေနုတ်မြောင်းများ ဆယ်ယူခြင်းတို့ကို စုပေါင်းအင်အားဖြင့် တက်ကြွစွာ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်)သို့ သွားရောက်၍ သင်တန်းသား၊ သင်တန်းသူများ၏ အားကစားအလိုက် လေ့ကျင့်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ထိုသို့ သွားရောက်ကြည့်ရှုရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းဝင်းအတွင်းရှိ အားကစားရုံများနှင့် ကွင်းများအလိုက် ဘောလုံး၊လက်‌ဝှေ့၊ အလေးမ၊ Gym စသည့် အားကစားနည်းအသီးသီးကို စနစ်တကျ လက်တွေ့လေ့ကျင့်နေကြသည့် မျိုးဆက်သစ် အားကစားမောင်မယ်များ၏ လေ့ကျင့်ခန်းဆင်းနေမှုများကို လှည့်လည်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများ၊ နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အားကစားသမားများအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ကြိုးစားအားထုတ်ကြရန်၊ ကျန်းမာရေးနှင့် အာဟာရပြည့်ဝမှုရှိစေရန် ဂရုစိုက်ကြရန် မှာကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က သင်တန်းသား၊ သင်တန်းသူများနှင့် နည်းပြများအတွက် အဟာရဖြည့် စာသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ကျောင်းတွင်း လေ့ကျင့်သင်ကြားမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)