ဘားအံ ဇူလိုင် ၅
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်သစ်တောဦးစီးဌာန၏ မိုးရာသီအကြို(ဒုတိယအကြိမ်) သစ်ပင်စိုက်ပွဲကို ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက ကွန်ပျူတာ တက္ကသိုလ်(ဘားအံ)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများတက်ရောက်၍ ဒေသနှင့်ကိုက်ညီပြီး ကြီးမြန်သစ်မျိုးများကို စိုက်ပျိုးပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့သစ်ပင်စိုက်ပျိုးပွဲတွင် အပင်ပေါင်း ၁၂၅၀ ပင်ကို စုပေါင်းစိုက်ပျိုး သွားကြမည်ဖြစ်ပြီး စိုက်ပျိုးပြီးသစ်ပင်များကို တစ်ဦးချင်းစီက အသိစိတ်ဓာတ်ရှိစွာဖြင့် တန်ဖိုးထားထိန်းသိမ်းပြုစုစောင့် ရှောက်ရန်လိုအပ်သကဲ့သို့ အစုအဖွဲ့အလိုက်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ပြဒေသအလိုက်လည်း တန်ဖိုးထားထိန်းသိမ်းပြုစုစောင့် ရှောက်ကြရန်လိုကြောင်း၊ ကမ္ဘာမြေစိမ်း လန်းစိုပြေရန်နှင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်များ တည်ငြိမ်စေရန်မုတ်သုန်မိုး နှင့်အတူသစ်ပင်စိုက် ပျိုးခြင်းလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တစ်ခဲနက်ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကွန်ပျူတာတက္ကသိုလ်(ဘားအံ)ပါမောက္ခချုပ်ထံ ပျိုးပင်များကို ဖြန့်ဝေပေး အပ်ပြီးတက်ရောက်လာသော ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နှင့်မိခင်နှင့် ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများနှင့်အတူ ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသော အမြင့် ၂ ပေနှင့်အထက် ပျိုးပင်းပေါင်း ၁၂၅၀ ပင်ကို လူထုလှုပ်ရှားမှုအသွင် ဖြင့် စိုက်ပျိုးခဲ့ကြကာ ထိုသို့စိုက်ပျိုးနေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး၍ တာဝန် ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)