အိမ်မဲ ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ကွန်စခန်းကျေးရွာတွင် စပါးစိုက်ခင်းများအတွင်း ရွှေခရုများ ကျရောက်နေသဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးရွာပြည်သူများက စုပေါင်း၍ လူထုအင်အားဖြင့် ရွှေခရုနှင့် ဥမြုံများ ကောက်ယူနှိမ်နင်းပွဲကို ဇူလိုင်လ ၃ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာမှတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ရွှေခရုကြိုတင်ကာကွယ်ရေးအကြောင်းကို ကျေးရွာအတွင်း လက်ကိုင်စပီကာဖြင့် အသိပညာပေးပြောကြားခဲ့သည်။ ဆက်လက်ပြီး ရွှေခရုကောက်ပွဲကျင်းပရာ အဆိုပါကျေးရွာမှ ဒေသခံများနှင့်ပူးပေါင်း၍ အဖွဲ့များဖွဲ့ကာ ကောက်ယူနှိမ်နင်း ခဲ့ကြောင်းသိရသည်။
“ရွှေခရုတွေက ကုန်းပိုင်းကျတဲ့လယ်တွေကို မဖျက်ဆီးပါဘူး၊ ရေမြုပ်တဲ့လယ်တွေကို ခရုတွေရောက်လာပြီး စပါးပင်အညွှန့်တွေကို ကိုက်စားတာပါ။ လယ်သမားတွေ လယ်ယာလုပ်ငန်းခွင် စတင်ချိန်မှာ စပါးသီးနှံ ဖျက်ရွှေခရုနဲ့ဥမြုံတွေကို လူထုအင်အားဖြင့် ကောက်ယူနှိမ်နင်းတာကြောင့် ဆုံးရှုံးမှုတွေ ဆိုးဆိုးဝါးဝါး မဖြစ်တော့ပါဘူး၊ ယမန်နှစ်ကလည်း အိမ်မဲမြို့နယ် နီစပ်ကြီးကျေးရွာမှာ ရွှေခရုနဲ့ဥမြုံများ ကောက်ယူနှိမ်နင်းပွဲကို ပြုလုပ်ခဲ့ပါသေးတယ်။ အိမ်မဲမြို့နယ်အတွင်း စပါးစိုက်ခင်း များတွင် ရွှေခရုများ ကျရောက်နေတဲ့အတွက် လယ်သမားများ ကြိုတင်ပြင်ဆင်နိုင်ရန် သရုပ်ပြတဲ့ အနေနဲ့ မြို့နယ် စိုက်ပျိုးရေး ဝန်ထမ်းများ၊ ဒေသခံလယ်သမားများ စုပေါင်း၍ စပါးဖျက်ရွှေခရုနဲ့ ဥမြုံများကို ကောက်ယူနှိမ်နင်းပွဲ ပြုလုပ်တာဖြစ်တယ်လို့’’ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်ကျော့ကျောစံက ပြောသည်။
ရွှေခရုနှင့် ဥမြုံများကို လူထုအင်အားဖြင့် ဖယ်ရှားခြင်းသည် ၈၀ ရာခိုင်နှုန်းထိရောက်သောကြောင့် ရွှေခရုဥမြုံများကို ရေမြုပ်ခြင်း၊ ထုံးထည့်ခြင်း၊ ခရုများလာရောက်စားသုံးရန် သင်္ဘောရွက် ငှက်ပျောရွက်တို့ကို ချထားကာ ခရုများစုလာပါက ဖမ်းဆီးခြင်းများ ပြုလုပ်နိုင်ကြောင်း သိရသည်။ ရွှေခရုများသည်ရက်(၃၀) အောက်သက်တမ်းရှိစပါးခင်းများကို ကိုက်ဖြတ်စားသုံးကြပြီး အပင်ရင့်လာပါက မကိုက်နိုင်တော့ကြောင်း သိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)