အိမ်မဲ ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်နှင့် ကျေးရွာများအတွင်းရှိ မွေးစမှ အသက်(၁)နှစ်ခွဲထိ ကလေးများ နှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးများကို ဇူလိုင် ၃ ရက်နေ့ နံနက်ပိုင်းတွင် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါလုပ်ငန်းများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို အကျယ်တဝင့်ဟောပြောပြီး၊ မွေးကင်းစမှ အသက် (၁)နှစ်ခွဲကလေးများအား ဗီတာမင်(A)ဆေးတိုက်ကျွေးခြင်း၊ ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဘီစီဂျီ၊ ပိုလီယို အကြောသေ၊ ဝက်သက်-ဂျိုက်သိုး၊ (၅)မျိုးစပ်ကာကွယ်ဆေး (ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ) ပိုး၊ ဦးနှောက်အမြှေးရောင်)၊ ပြင်းထန်အဆုပ်ရောင် (ပီစီဗီ) အစရှိသည့်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ဇူလိုင်လ (၁)ရက်နေ့မှ (၃)ရက်နေ့အထိ ကိုယ်ဝန်ဆောင်မိခင် (၄၄၀)ဦး တစ်နှစ်အောက်ကလေး (၉၈၈)ဦးကိုထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများကို မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် လစဥ်(၁)ရက်နေ့မှ (၃)ရက်နေ့များတွင် အခမဲ့ထိုးနှံပေးလျက်ရှိပြီး မွေးကင်းစမှ အသက်(၁)နှစ်ခွဲထိ ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များမှ မည်သူမဆို လာရောက် ထိုးနှံနိုင်ကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)