ဖျာပုံ ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ခရိုင်သစ်တောဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်မိုးနှင့်ဝန်ထမ်းများမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုမျှတပြီးအပူချိန်ထိန်းညှိပေးရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံ မျိုးကွဲများအား ထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်လ ၄ ရက်နေ့ နံနက် (၈)နာရီခွဲအချိန်က ဖျာပုံမြို့ အမှတ်၊ (၁၈)ရပ်ကွက်ကန်တော်ကြီးကန်ဘောင်တွင် ကျင်းပစိုက်ပျိုးခဲ့ကြသည်။
ရှေးဦးစွာ ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပျိုးပင်များအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီရေးရာအဖွဲဥက္ကဋ္ဌ၊ ခရိုင်သစ်တောဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူးတို့က ပေးအပ်ရာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူများက လက်ခံရယူပြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဆက်လက်ကျင်းပရာ တက်ရောက်လာကြသူများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်စိုက်ပျိုးကြသည်။
မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် “ဘုရားကျောင်းကန် စေတီရံလည်း သစ်ပင်ရှိမှ ပနံရလိမ့်” ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ယခုကဲ့သို့ ကန်တော်ကြီး ကန်ပတ်လမ်းတစ်လျှောက် ရာသီအလိုက် ပန်းပွင့်နိုင်သည့် ကံ့ကော်၊ ခရေ၊ ငုရွှေဝါ၊ စိန်ပန်း စသည့် သစ်မျိုးများနှင့် အရိပ် အာဝါသကို ပေးစွမ်းနိုင်တဲ့ ဗန်ဒါ၊ ရေတမာ၊ ပျဥ်းမ စသော သစ်မျိုး(၇)မျိုး စုစုပေါင်း (၅၃၁)ပင်ကိုစုပေါင်းစိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
အဆိုပါမိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ ပါဝင်သည့်အင်အား (၃၂၆)ဦးမှ ကန်တော်ကြီး သာယာလှပရေးအတွက် တက်ညီလက်ညီ၊ စိတ်ပါဝင်စားစွာပါဝင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)