မိုးရာသီ ဧရာဝတီမြစ်ရေတက်ချိန်တွင် မြန်အောင် ရေကာတာတစ်လျှောက် ရေကင်းစခန်း(၈) ခုထားရှိ၍ တာတမံထိန်းသိမ်းရေး စောင့်ကြပ်ကြည့်ရှု

မြန်အောင် ဇူလိုင်  

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း မိုးရာသီဧရာဝတီမြစ်ရေတက်ချိန်တွင် မြန်အောင်ရေကာတာတစ်လျှောက်တွင် ရေကင်းစခန်း(၈)ခုဖြင့်တာတမံ ထိန်းသိမ်းရေးစောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ‌ရေးဦးစီးဌာနမှ သိရသည်။

မြန်အောင်တာသည် အလျား(၃၉) မိုင်(၂)ဖာလုံခန့် ရှည်လျားပြီး ဧရာဝတီမြစ်ရေဝင်ရောက်မှုမှ ကာကွယ်နိုင်ရန်အတွက် ဧရာဝတီမြစ်မကြီး၏ အနောက်ဘက်ကမ်းဘေးတစ်လျှောက်တွင်တည် ဆောက်ထားသော အဓိကတာတမံကြီးတစ်ခုဖြစ် သည်။ မြန်အောင်မြို့နယ်အတွင်း မာလကာ ကုန်း၊ မကျီးစု၊ ကဇွန်းခုံ၊ ကနောင်၊ ညောင်ဝင်း၊ ရွှေကျင်၊ ကျွဲခေါင်းကြီး၊ ဗိုလ်ရုံစု ရေကင်းစခန်း (၈) ခုထားရှိ၍ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးအဖွဲ့များက တာတမံလုံခြုံမှု စောင့်ကြပ်ခြင်း/စောင့်ကြည့်ခြင်း လုပ်ငန်းများ၊ တာတမံထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးရာသီ ဧရာဝတီမြစ်ရေတက်ချိန်တွင် သတိပြုရမည့် တာထိပ်ပေါ်ကျော်ခြင်း၊ ရေပေါက် (ထူးပေါက်)၊ တာအိ၊ သဲဗွက်ထ၊ တာကျွံခြင်းများ ဖြစ်ပေါ်လာပါက ကာကွယ်ရန်နည်းလမ်းများဖြစ်သော မြေသားသို့မဟုတ် သဲအိတ်ကန်သင်းဆင့်ခြင်း၊ မြေကတုတ်(ရေခွေ)တို့ဖြင့် အရေးပေါ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် ရေကင်းစခန်းများတွင် ရေဘေးကာကွယ်ရေးပစ္စည်းများ အသင့်စုဆောင်းထားရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲ‌ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဌေးထံမှ သိရသည်။ 

ဝင်းဗိုလ် (ပြန်/ဆက်)